မဲခေါင်၊ သြဂုတ် ၁၃
မန္တလေး PDF အနေနဲ့ ရည်မှန်းထားတဲ့ စစ်ရေးပစ်မှတ်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဖော်ဆောင်ထားနိုင်ပြီလို့ မနေ့သြဂုတ် ၁၂ ရက်နေ့မှာ အတူပူးပေါင်းတော်လှန်ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းနဲ့အတူ ထုတ်ပြန်လာပါတယ်။
လက်ရှိမှာ MDY PDF အနေနဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီစခန်း ၉ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားပြီး စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းယူခဲ့ကာ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းက စစ်စခန်း တချို့ ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တွေကို သိမ်းပိုက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ ရှမ်း-မန်းစစ်ဆင်ရေးတို့မှာ စစ်ဆင်ရေး အောင်မြင်စွာ ဖော်ဆောင်နိုင်တာဟာ ပူးပေါင်းဆောင်ရွက်နေတဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဟန်ချက်ညီညီ တိုက်ပွဲဝင်နေတာကြောင့်ဖြစ်တယ်လို့ MDY PDF က ဆိုပါတယ်။
ကျောက်ဆည်ခရိုင်တပ်ရင်း (၁)၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၂)၊ မြင်းခြံခရိုင်တပ်ရင်း (၄)၊ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း (၃)၊ ရွှေဘိုခရိုင်တပ်ရင်း (၇)၊ ရွှေဘိုခရိုင်တပ်ရင်း (၈)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၀)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၄)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၆)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၈)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၃)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၅)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၆)၊ ရေစကြို ဒေါင်းညီနောင်တပ်ဖွဲ့၊ ဝက်လက် ဒေါင်းနီတပ်ဖွဲ့၊ စဥ့်ကိုင် တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA) တမူး တို့ဟာ မိတ်ဖက်အဖွဲ့တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
မန္တလေး PDF အနေနဲ့ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ် အပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့အကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်လက်တွဲ ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။
မန္တလေး PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တည်ရှိပြီး ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။
MK-015









