မဲခေါင်၊ ဩဂုတ် ၁၂
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က စစ်မှုထမ်းခေါ်ယူမယ်လို့ ပြောဆိုထားတာကြောင့် ရွာခံတွေက နေရပ်မပြန်သေးဘူးလို့ စုံစမ်းသိရပါတယ်။
ပြန်လာတဲ့ ရွာခံတွေထဲက အသက် ၁၈ နှစ် ကနေ ၄၀ ကြားအရွယ်ရှိ အမျိုးသားတွေကို မိမိဆန္ဒအလျောက် စစ်မှုထမ်းပါတယ်ဆိုတဲ့ သက်သေစာရွက်နဲ့တကွ PNA က လက်မှတ်ထိုးခိုင်းနေတာပါ။
“အတင်းခေါ်တာတော့ မဟုတ်ဘူး။ အသက်အရွယ် အကြုံးဝင်တဲ့လူ အကုန်လက်မှတ်ထိုးပေါ့။ စစ်မှုထမ်းအတွက် သဘောတူ လက်မှတ်ပေါ့။ အဲလက်မှတ်ကြည့်ပြီး အကုန်ခေါ်မှာ။ အခုက ဘယ်သူမှ မထိုးချင်လို့ ဘယ်သူမှ မပြန်တာ” လို့ ရွာခံ စစ်မှုထမ်းအကြုံးဝင် အမျိုးသား တစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့က ရှမ်းပြည် မီဒီယာ အများစုမှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တာကြောင့် ရွာခံတွေအပေါ်လည်း PNA က ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ PNA ဘက်က တပ်သားသစ် ထပ်မရနိုင်တော့တာကြောင့် အကြမ်းဖက် ကျူးလွန်လာမယ့် အန္တရာယ်တွေနဲ့ နီးစပ်ရာ ရွာတွေအတွက်လည်း စိုးရိမ်ပူပန်နေကြပါတယ်။
“ဆောင်းပြောင်းကတော့ ဘယ်သူမှ မပြန်ဘူးလေ။ အမေကလည်း သားမပါရင် မပြန်ဘူး။ သားလည်း အမေမပါရင် မပြန်ဘူး။ မပြန်ရင်တော့ သူတို့က အိမ်ကို တခုခုလုပ်မယ်။ ချိတ်ပိတ်မယ်၊ သိမ်းမယ် အဲလိုတွေ ပြောနေတယ်။ အတွင်းပစ္စည်းတွေတော့ သူတို့ ခိုးလို့ ကုန်နေပြီ”လို့ ရွာခံတစ်ဦးက ပြောပါတယ်။
ဆောင်းပြောင်းကျေးရွာမှာ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေနဲ့ PNLA တို့အကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်းခန့်က တိုက်ပွဲနောက်ဆုံး ဖြစ်ပွားခဲ့ပါတယ်။
MK-015








