မဲခေါင်၊ သြဂုတ် ၁၀
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းဒေသ ဆောင်းပြောင်းရွာက စစ်ဘေးရှောင်တွေကို PNO က အိမ်ပြန်ခွင့်မပြုဘဲ အဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဆောင်းပြောင်းကျေးရွာမှာ စစ်ပွဲပြီးတာ ၄၅ ရက် ရှိနေပြီး ရွာသားတွေကိုလည်း နေရပ် မပေးပြန်ဘဲ ၁၈ နှစ်အထက် ၄၀ နှစ်အထိ စစ်မှုမထမ်းမနေရ အတင်းအဓမ္မခေါ်ယူနေတယ်လို့ သိရပါတယ်။
“PNO ထဲ မဝင်ရင် မပေးပြန်ဘူး၊ cv ဖောင်နဲ့ တခါတည်း ဖြည့်ခိုင်းတယ်၊ သူတို့က ကျနော်တို့ ရွာသားကို သက်သက်ညစ်နေတာကို အသိသာကြီးပဲ၊ အိမ်ပြန်ချင်ကြပြီဗျ၊ ကျနော်တို့ရွာသားတွေကို ကိုယ်ချင်းစာပေးပါ”လို့ ဒေသခံကျေးရွာသားတစ်ဦးက ပြောပါတယ်။
ရွာသားတွေဟာ စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်း စတဲ့ သီးနှံအမျိုးမျိုးကို စိုက်ပျိုးထားတာ ဖြစ်လို့ မြေစာထည့်ဖို့၊ ပေါင်းရှင်းဖို့၊ စိုက်ပျိုးချိန်ဆိုတော့ ငွေတွေကို စိုက်ပျိုးဖို့၊ မြေသြဇာတွေ ဝယ်ရင်းထားရတာ၊ ခြံမသွားရတော့ ငတ်ပြတ်မှာကို စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။
ဆောင်းပြောင်းရွာသားဒေသခံတွေကို PNO ပြည်သူ့စစ်ထဲ ဝင်ပြီးကြောင်း လက်မှတ်ထိုးမှသာ ရွာထဲပေးဝင်မယ်လို့ ရွာသားတွေကို ခြိမ်းခြောက် အကြပ်ကိုင်နေတယ်လို့သိရပါတယ်။
ဆောင်ပြောင်းရွာမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ၊ PNO တွေ ဇွန်လအတွင်းတိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသူရွာသားတွေ စစ်ဘေးရှောင် နေရတာ ၁ လကျော်ကြာမြင့်ခဲ့ပြီးနောက် ဒေသခံတွေ ရွာပြန်ဖို့ကို PNO ထဲဝင်မှ ပြန်ခွင့်ရမယ်ဆိုကာ လက်ရှိမှာ စစ်ကောင်စီနဲ့PNO တွေဟာ ရွာထဲက နေအိမ်တွေမှာ တပ်စွဲနေကြပြီး ဆောင်းပြောင်း ရွာကိုဝင်တဲ့လမ်းတွေ အကုန်ပိတ်ထားပြီး အကြပ်ကိုင်နေတာလို့ သိရပါတယ်။
ဆောင်းပြောင်းရွာတိုက်ပွဲမှာ PNO ပြည်သူ့စစ်ဘက်က ဗိုလ်ခွန်မောင်မွေးအပါအဝင် PNO ၂၀ ကျော်သေဆုံးခဲ့သလို ဖမ်းခံရသူ ၃ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
MK-012








