မဲခေါင်၊ ဩဂုတ် ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ တစ်ဝက်ခန့်ကို ဒီနေ့ ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းခန့်ကစပြီး TNLA တအာင်းတပ်အပါအဝင် မဟာမိတ်တပ်တွေ ဝင်ရောက်စီးနင်းထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နေ့လည် ၁၁ နာရီခန့်မှာတော့ သီပေါထောင်ကိုပါ ဖွင့်ပေးလိုက်ကာ ထောင်သားတွေအားလုံး လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။
“ရွှေဆိုင် ၂ ဆိုင်ကို ဖမ်းထားတယ်။ ဘာလို့လဲတော့ မသိဘူး။ ထောင်ဖောက်လိုက်ပြီတဲ့ ဖုန်းထဲမှာ အားလုံးဆူညံနေတာပဲ။ ခေါက်ဆွဲဆိုင်တွေလည်း လက်နက်ကြီးကျလို့ ပျက်စီးနေတယ်”လို့ သီပေါဒေသခံတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေကို မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲဖြစ်ပြီး အများစုက နောင်ကတ်ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
သီပေါမှာ SSPP တပ်တွေလည်း အထိုင်ချထားပေမယ့် မဟာမိတ်တပ်တွေ ဝင်လာတဲ့အချိန်မှာတော့ နေရာဖယ်ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သီပေါတိုက်ပွဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)၊ မန္တလေး PDF နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များစွာ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
MK-014








