မဲခေါင်၊ ဩဂုတ် ၈
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မှာ ၂ ဖက်တပ်တွေအကြား တိုက်ပွဲငြိမ်သက်နေပြီး လေကြောင်းတိုက်ခိုက်မှု မလာတာလည်း ၂ ရက်ခန့်ရှိပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၆ ရက်နေ့ကစပြီး မြို့တွင်းအခြေအနေဟာ အေးချမ်းတည်ငြိမ်နေပေမယ့် ရုတ်တရက် ကြုံလာနိုင်တဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေကိုတော့ စိုးရိမ်ကြောက်လန့်ရတယ်လို့ ဆိုပါတယ်။
“ကြောက်တာကလည်း တစ်ပိုင်းပေါ့။ အေးအေးချမ်းချမ်း သွားလာနေကြပါတယ်။ စစ်ရေးရပ်ပေမယ့် ဝမ်းရေးက ရပ်ထားလို့ မရဘူးလေ။ လူတိုင်းကတော့ သောက ကိုယ်စီနဲ့ပါပဲ” လို့ မြို့ခံယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
သီပေါ-မန္တလေး ခရီးစဉ်အတွက်လည်း ကားငယ်တွေ နေ့တိုင်းပြေးဆွဲပေးနေတာကြောင့် အချိန်မရွေး ရှောင်တိမ်းနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သီပေါမြို့မှာ ဖုန်းလိုင်းအများစု ပြတ်တောက်နေပြီး MEC CDMA 800 တစ်မျိုးတည်း လိုင်းမိတာကြောင့် ဖုန်းရှိတဲ့သူတွေက လိုအပ်တဲ့သူတွေကို ကူညီပေးနေပါတယ်။
သီပေါ – နမ့်လန် လမ်းပိုင်းတစ်နေမှာ ရှိတဲ့ ရေလယ်ဘုရားငယ်ကျောင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဦးဇင်းတစ်ပါးနဲ့ သူရဲ့မယ်တော်တို့ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ဦးဇင်းတစ်ပါးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
သီပေါမြို့ဟာ လတ်တလော ငြိမ်သက်နေပေမယ့် လက်ရှိ ညီနောင်မဟာမိတ်တွေ သိမ်းယူထားတဲ့ မြို့တွေအပြင် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တဲ့မြို့တွေနဲ့ ထိစပ်နေတာကြောင့် မြို့ခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
MK-014








