မဲခေါင်၊ သြဂုတ် ၈
ရှမ်းမြောက်၊ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA , TNLA နဲ့ MDY-PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့မှုအပေါ် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီPNFC, ပအုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့အချုပ်PNLO နဲ့ မွန်ပြည်သူစ်ပါတီ NMSP-AD တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
မနေ့ သြဂုတ်လ ၇ ရက် ရက်စွဲ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး”တစိတ်တပိုင်း လွတ်မြောက်ရုံနဲ့ အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်”လို့ ခံယူထားပြီး အားလုံးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိနေကြနေကြတယ်လို့ စာပေးပို့တဲ့ အဖွဲ့ ၃ ဖွဲ့က ဆိုပါတယ်။
လူထုကို ရန်သူအဖြစ် သတ်မှတ်စစ်ဆင်နေတဲ့ စစ်အုပ်စုရဲ့ရှုံးနိမ့်မှုတွေကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရပြီး ဖြစ်လို့ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်ကို ညီနောင်တော်လှန်ရေးအင်အားစုတွေနဲ့အတူ ခိုင်မာစွာလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ပေးပို့တဲ့ ဂုဏ်ပြုလွှာမှာ ဖော်ပြပါရှိပါတယ်။
MK-012








