မဲခေါင်၊ ဩဂုတ် ၆
ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့မှာ ကိုးကန့် တပ်မတော်(MNDAA)က သူခိုးတွေကို လိုက်လံဖမ်းဆီးပြီး ခိုးရာပါ ပစ္စည်းတွေကို မူလပိုင်ရှင်တွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
MNDAA က ခိုးရာပါ ပစ္စည်းတွေကို မူလပိုင်ရှင်တွေဆီ ပေးအပ်ခဲ့ပြီး သူခိုး ၂ ဦး အပါအဝင် ဖမ်းမိထားတဲ့ သူခိုးအားလုံးကို အရေးယူနိုင်ဖို့အတွက် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
ဩဂုတ်လ ၂ ရက်နေ့က သူခိုး ၂ ဦးကို ဆိုင်ကယ် ၂ စီး၊ ဖုန်း ၆ လုံး၊ DVD စက်အပါအဝင် ငွေကြေးနဲ့ လက်ဝတ်ရတနာ စတဲ့ ခိုးရာပါ ပစ္စည်းတွေအတူ ဖမ်းမိထားတာပါ။
“နောက်ဆုံးတော့ ကိုယ့်မြို့ ကိုယ့်ရွာမှာ တရားဥပဒေ စိုးမိုးရေး ပြန်ရတော့မယ်။ စစ်ရှောင်ကြပြီဆိုရင် လိုက်ခိုးနေတဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်” လို့ လားရှိုးမြို့ခံ တစ်ဦးက ပြောပါတယ်။
အလားတူ မနေ့ ဩဂုတ် ၅ ရက်နေ့ကလည်း MNDAA တပ်က သူခိုးတွေကို ကြိမ်ဒဏ် အပြစ်ပေးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာ (Facebook) ပေါ်မှာ ပျံ့နှံ့လာပါသေးတယ်။
MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ လုံခြုံရေး ကင်းလှည့်တာ၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်တာ၊ မြို့ခံတွေနဲ့ ပူးပေါင်းပြီး စည်ပင်သာယာရေး ဖော်ဆောင်တာ စတာတွေကို လက်တွေ့ဖော်ဆောင်နေပြီလို့ မြို့တွင်းကျန်ရှိနေသူတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ ပစ္စည်းပြန်ယူသူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက MNDAA ခွင့်ပြုထားပေမယ့် ဒီနေ့မှာတော့ အဝင်ကို အကန့်အသတ်မရှိ ပြန်ပိတ်လိုက်တာကြောင့် နေရပ်ပြန်သူတွေဟာ မယ်ဟန်ရွာကနေ လှည့်ပြန်နေကြတယ်လို့ စုံစမ်းသိရပါတယ်။
MK-14








