မဲခေါင်၊ သြဂုတ် ၂
ရှမ်းမြောက်၊ လားရှိုးမြို့ရှိ “၀”ပြည်နယ် ပြင်ပဆက်ဆံရေးရုံးအနီး မနေ့ သြဂုတ် ၁ ရက်နေ့က စစ်ကောင်စီ ဗုံးကျလို့ အထိအခိုက် များပြားတယ်လို့ လူမှုကွန်ရက်က ရုပ်သံမှာ တွေ့ရှိရပါတယ်။
လားရှိုးမြို့က UWSA ၀ပြင်ပ ဆက်ဆံရေးရုံး အနီး က အဆောက်အဦးတွေ စစ်ကောင်စီရဲ့လေကြောင်းကချတဲ့ ဗုံးဒဏ်ကြာင့် ထိခိုက်ပျက်စီးမှုတွေ များပြားတာကို ရုပ်သံမှာတွေ့ရပါတယ်။
ရုပ်သံအတွင်း UWSA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရပြီး “ဦးခေတ်ဆန်းအိမ်လဲ ပျက်သွားပြီပဲ”ဟု မြန်မာလို ပြောသံ ပါရှိပါတယ်။ “၀”ပြင်ပဆက်ဆံရေးရုံးဟာ လားရှိုးမြို့ ရပ်ကွက်-၁ မှာ ရှိတာဖြစ်ပြီး UWSA တပ်ဖွဲ့ဝင်တွေ လားရှိုးကို ဝင်ရောက်လာတဲ့အချိန်က UWSA တပ်တွေဝင်လာလို့ စစ်ကောင်စီတပ်က လေကြောင်းက ဗုံးမကြဲတော့ဘူးလို့ ခန့်မှန်းယူဆချက်တွေရှိခဲ့ပေမယ့် အခုရုပ်သံအရ “၀”ဆက်ဆံရေးရုံးအနားမှာ စစ်ကောင်စီရဲ့ ဗုံးကျလို့ အဆောက်အဦးတွေ ပျက်စီးနေတာတွေ့ရတာ ဖြစ်ပါတယ်။
ဗုံးကြဲလို့ ပျက်စီးမှုနဲ့စပ်လျဉ်းပြီး လားရှိုးမြို့ကို ရောက်ရှိနေတဲ့”၀”ပြင်ပဆက်ဆံရေးရုံးရဲ့တာဝန်ခံ ဦးညီရမ်းကို မဲခေါင်က ဆက်သွယ်ထားပေမယ့် အကြောင်းပြန်တာ မရှိလို့ ရုံးနဲ့လူ အထိအခိုက် ရှိမရှိ မသိရသလို အခြေအနေအချက်အလက်တွေလဲ မသိရပါဘူး။
စစ်ကောင်စီဟာ မနေ့နဲ့ ဒီနေ့ မနက်အစောပိုင်းမှာ လားရှိုးနဲ့ လောက်ကိုင်ကို ပေါင် ၅၀၀ ဗုံးတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
MK-012








