မဲခေါင်၊ သြဂုတ် ၁
မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ဆက်တိုက်ကျဆင်းနေလို့ ပြည်တွင်း အထွေထွေကုန်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာနေသလို နယ်စပ်ဒေသ ငွေလဲလှယ်ရာမှာ ကျပ်ငွေမလိုချင်တဲ့ အခြေအနေထိ ရောက်ရှိလာနေတယ်လို့ သိရပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းလာတာဟာ လစာတိုးပေးလာတာ၊ ဒေါ်လာရှားပါးလာတာ၊ ၂ သောင်းတန် ငွေစက္ကူရိုက်ထုတ်လာတာကြောင့်လို့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။
ပြည်ပက စက်သုံးဆီကို ဒေါ်လာနဲ့ဝယ်ရတာမှာ ဒေါ်လာရှားပါးပြတ်လတ်လာတာကြောင့် ပြည်ပက သင်္ဘောတင်ဆီထက် မိုင်းလားက တရုတ်ဆီနဲ့တာချီလိတ်ဘက်က ထိုင်းဆီတွေကို ရဖို့ ကျပ်ငွေနဲ့ ထိုင်းဘတ်၊ တရုတ်ယွမ်တွေနဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဘိုး ဆိုးရွားစွာနိမ့်ကျလာတာလို့ ပြောဆိုကြပါတယ်။

“ကြားတာက မိုင်းလားနဲ့တာချီလိတ်က ဆီတွေ ဝယ်ဖို့လုပ်တာမှာ သူတို့ငွေတွေရဖို့ ကျပ်ငွေတန်ဘိုးတွေ ချပြီး လဲလှယ်ဝယ်နေရတယ်လို့ ပြောကြတယ်၊ တနိုင်ငံလုံးနီးပါးဆို အများကြီးလိုအပ်တော့ ကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ် ၅၀၀ ၊ ယွမ် ၁၀၀ လောက်အထိ ကျနိုင်တယ်လို့ခန့်မှန်းနေကြတယ်” လို့ တာချီလိတ် ကုန်သည်တစ်ဦးထံက သိရပါတယ်။
ယနေ့သြဂုတ်လ ၁ ရက်မှာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ် ၆၉၅ ဘတ်၊ တရုတ်ယွမ်ငွေ ၁၀၀ ကို ကျပ်ငွေ ၆၈၇၀၀ အထိရောက်ရှိနေတယ်လို့ စျေးကွက်အရ သိရပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီရှားပါးလာလို့စျေးတွေ မြင့်တက်လာမှုက အထွေထွေကုန်စျေးနှုန်းတွေ လိုက်ပါမြင့်တက်လာနေပြီး နယ်စပ်ဒေသဖြစ်တဲ့ ရှမ်းအရှေ့ ကျိုင်းတုံ၊ မိုင်းလား၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ် မြို့တွေမှာ ကျပ်ငွေ မလိုချင်တဲ့အခြေအနေ ရှိလာနေတယ်လို့ သိရပါတယ်။
“ကုန်ပစ္စည်းတွေကို ဘတ်စျေးနဲ့သင့်ထားတော့ အခုက ကျပ်ပေးဝယ်ရင် စျေးနှိမ့်ပြီး ယူကြတယ်၊ သူတို့ကလဲ ဘတ်စျေးနဲ့ဝယ်ရလို့ ကျပ်ပြန်လဲရင် ရှုံးတယ်လို့ပြောတယ်၊ ကျပ်ရှာ ဘတ်သုံးရတော့ ကျပ်ငွေစျေး အရမ်းထိုးကျနေတာ အရမ်းထိခိုက်တယ်” လို့ မိုင်းတုံက ဝန်ထမ်းတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ မိုင်းတုံမှသာ ကျပ်ငွေသုံးနေပြီး အနီးဆုံး ၁၂ မိုင်အကွာက မဲကင်ကျေးရွာပင် ဘတ်ငွေသုံးစွဲနေပြီး ပုံပါကျင်၊ ဟွေအော၊ နားကောင်းမူ ရွာတွေမှာ ဘတ်ငွေသာ အဓိက သုံးစွဲနေတာလို့ သိရပါတယ်။
“ပိုဆိုးတာက Kpay ကို အရင်ကလို လွှဲထုတ်လို့ လိုချင်သလောက်မရတော့ဘူး၊ ဒီမှာက ငွေကြေးလဲလှယ်သူတွေကလည်း မြို့တွင်းအဆင်ပြေဖို့နဲ့ ကျပ်လိုသလောက်သာ လဲလှယ်ကြတာလေ။ ခုက မနေ့က လစာထုတ်ရက်ဆို ငွေလွှဲ၊ ငွေထုတ်တာ မရတော့ဘူး၊ အနီးဆုံးမိုင်းဆတ်က မိုင် ၄ဝ ကျော်ဝေးတာ အဲမှာပဲ KBZ ရှိတာ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံနယ်စပ်နဲ့နီးတဲ့ ပုံပါကျင်၊ မိုင်းတုံ၊ မိုင်းဆတ်တွေမှာ ထိုင်းဘတ်ငွေနဲ့သာ ကုန်ပစ္စည်းတွေကို စျေးသင့်ကြပြီး ထိုင်းနဲ့တရုတ်နိုင်ငံ နယ်စပ်တွေနဲ့ နီးတဲ့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယန်း တို့မှာတော့ ထိုင်းဘတ်၊ တရုတ်ယွမ်တွေနဲ့ စျေးသင့်ကြပြီး ကုန်ပစ္စည်းတွေ အရောင်းအဝယ် ပြုလုပ်ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
MK-012







