မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)နဲ့ အနီး ဝန်းကျင်မှာ ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့ တိုက်ပွဲ ပြင်းထန်နေပြီး မီးတွေလောင်ကျွမ်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက်မှာလည်း လားရှိုးမြို့က ရမခ ရှိတဲ့နေရာမှာ ပေါက်ကွဲမီးလောင်နေတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ယက်မှာ ပြန့်နှံ့နေပြီး အဲ့ဒီရုပ်သံဖိုင်ဟာ ရမခ ရှိတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို အတည်ပြုကြပါတယ်။
“အခု လက်ရှိ တိုင်း ဘက် ကြမ်းနေတယ်။ အဲဒီ အနီး အနား မီးတွေလည်း လောင်နေတာ တွေ့ရတယ်။ အခြေအနေမကောင်းဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
မြို့ထဲတိုက်ပွဲ ဖြစ်နေတဲ့ ရပ်ကွက်တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေပြီး နေအိမ်တွေမှာ အိမ်စောင့်ကျန်နေခဲ့တဲ့ ပြည်သူတချို့ လက်နက်ကြီးထိ ဒဏ်ရာရ၊ သေဆုံး သူတွေလည်း ရှိကာ အလောင်းတွေလည်း ကောက်ယူလို့ မရ၊ ဒီတိုင်း ပစ်ထားရတာတွေလည်း အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
“အခုလ အကုန် လားရှိုးကို အပြီး သတ် ရှင်းမယ်လို့ ကိုးကန့် စစ်သားတွေ ပြောနေဝာာကြားတယ်။ တခြား သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာဝောာင် စစ်သားတွေ မရှိသလောက် ဖြစ်သွားပြီ။ အကုန် လားရှိုးဘက် သွားကြတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ လားရှိုးမြို့ထဲ ဘူတာဘက်တကြော၊ သာသနာ (၂၅၀၀) တောင်ခြေ ဝန်းကျင်၊ ရပ်ကွက် (၈) သိန္နီလမ်းဘက်နဲ့ လားရှိုးကြီးဘက်တွေ နဲ့ ရမခ ထဲ တွေမှာ တိုက်ပွဲ ကြမ်းနေတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ နဲ့ ၂၉ ရက်နေ့ တွေမှာတော့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်တပ်ပေါင်းစုတို့က လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် (၂၄၂)စစ်လက်နက်တပ်ခွဲနဲ့ စစ်တပ်ဂေါက်ကွင်း တို့ကို တိုက်ခိုက်သိမ်းယူ ထားကြောင်း BPLA သတင်းနဲ့ ပြန်ကြားရေး က သတင်းထုတ်ပြန်ထားပါတယ်။
CJ-008








