မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုန်းနဲ့ ရပ်စောက်မြို့နယ်က ကျေးရွာအချို့မှာ လက်နက်ကိုင်အဖွဲ့တွေက ညမထွက်ရ ကန့်သတ်လို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ဟိုပုံး မြို့နယ်က မိုင်းပျဉ်း၊ လဲသက် တိုက်နယ်ကကျေးရွာတွေနဲ့ ရပ်စောက်၊ အင်တော ကျောက်ဂူဘက်က ကျေးရွာတွေကို ယင်းနယ်မြေတွေမှာ လှုပ်ရှားနေတဲ့ SSPP၊ UWSA တပ်တွေက ညမထွက်ရ ကန့်သတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၈ နာရီက ညနေ ၄ နာရီအထိတဲ့၊ ခြံလဲ အစောကြီးသိမ်းပြန်ရတယ်၊ တရားဝင်စာထုတ်တာတော့ မရှိဘူး၊ အဲလို ပြောထားတာကြားလို့ မထွက်ရဲကြဘူး၊ ပစ်ခံ ဖမ်းခံရမှာစိုးလို့ ခြံတွေလည်း သိပ်မသွားရဲကြဘူး၊ ခြံသမားတွေတအားဒုက္ခရောက်နေကြတယ်” လို့ မိုင်းပျဉ်းတိုက်နယ်၊ ဖာလဲ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းတိုက်နယ်အတွင်း စမ်အော့၊ ကျည်တော်၊ ကျောက်ငှက်၊ ဖာလဲ၊ နားယောင်း၊ နမ့်ခုတ်၊ နားပုံ ကျေးရွာတွေဘက်နဲ့ ရပ်စောက်၊ အင်တော၊ ကျောက်ဂူ၊ အုံးကွဲ ရွာတွေဘက်မှာ SSPP၊ UWSA တပ်တွေ လှုပ်ရှားနေတာအပြင် စစ်ကောင်စီတပ်တွေလဲ အတူတွေ့ရတယ်လို့ ဆိုပါတယ်။

“ကျမတို့တော့နားမလည်ဘူး၊ ရှမ်းတပ် နဲ့ စစ်တပ်က ဂိတ်တွေနီးနီးလေး ကားတွေ လူတွေကို စစ်တာလဲ အတူတူပဲ၊ အခြားတိုင်းရင်းသားတွေနဲ့ တိုက်နေကြတယ်လို့သိထားတာ၊ ဒီမှာတော့ သူငယ်ချင်းတွေကြနေတာပဲ၊ သူတို့ကို တပ်ကားတွေနဲ့တင်ပြီးလာပို့တာ ၀ တွေလဲပါတယ်”လို့ ရပ်စောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်မဲကနေ အင်တော-ကျောက်ဂူ-ရပ်စောက်လမ်းအတိုင်းစစ်ရှောင်လာတဲ့ မိသားစုကလည်း လမ်းမှာ စစ်တပ် ၁ ဂိတ်၊ SSPP ၁ ဂိတ်တွေ့ခဲ့ရပြီး SSPP ဂိတ်တွေက ငွေမတောင်းသော်လည်း စစ်ကောင်စီဂိတ်က ငွေတောင်းပြီး စစ်ဆေးမှုတွေလုပ်တယ်လို့ ကျောက်မဲစစ်ရှောင်တစ်ဦးက ပြောပါတယ်။
“အထက်ရဲရွာလမ်းမှာ SSPP က စစ်တပ်ကားကို မှားပစ်လို့ စစ်တပ်က ၉ ယောက်ကျတယ်ဆိုတဲ့ မီးလောင်ထားတဲ့ကားကို တွေ့ခဲ့ရတယ်၊ လမ်းမှာလည်း ကိုက် ၁၀၀ စီလောက်မှာ တပ် ၁ဂိတ်၊ ရှမ်း ၁ ဂိတ်ပဲ”လို့ သူက ပြောပါတယ်။
လက်ရှိ လားရှိုးကနေ ထွက်ပြေးလာတဲ့ လားရှိုးထောင်ပိုင်စတဲ့ စစ်ကောင်စီလက်အောက်ခံတွေနဲ့ ပြင်ဦးလွင်စစ်ဆေးရုံကိုပို့တဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့တွေ လမ်းခရီးအဆင်ပြေချောမွေ့စွာ ရောက်နေတာဟာ စစ်ကောင်စီသုံး ရှမ်းမြောက်-ရှမ်းတောင် လမ်းကြောင်း ကောင်းနေတယ် သုံးသပ်လို့ရပါတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော် က ပြောထားပါတယ်။
လက်ရှိမှာ မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင် MNDAA, TNLA, AA, KIA တို့က စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေပြီး UWSA, SSPP တို့ဟာ စစ်ကောင်စီနဲ့ မတိုက်ပဲ မိုင်းရယ်၊ တန့်ယန်း၊ လားရှိုးမြို့တွေမှာ နေရာဝင်ယူထားပြီး NDAA ကတော့ မိုင်းယောင်းနယ်ထဲ ခဏဝင်ရောက်ပြီး ပြန်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
MK-012








