မဲခေါင်၊ ဇူလိုင် ၂၉
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး ထောက်ခံသူ အယောက် ၄၀၀ ကို စစ်ကောင်စီတပ်က ကိုယ်ရေးမှတ်တမ်းပြုစုထားပြီး စတင်ဖမ်းဆီးနေပြီလို့ စစ်တပ်ထောက်ခံသူတွေက ရေးသားဖြန့်ဝေကြပါတယ်။
မိုးကုတ်မြို့ကို သိမ်းယူနိုင်တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ နောက်ပိုင်းကတည်းက ဖမ်းဆီးရမယ့် လူစာရင်းတွေကို စစ်ကောင်စီတပ်က ပြုစုထားပြီး သူတို့ ဝါဒဖြန့်တဲ့ မီဒီယာတွေနဲ့ ချန်နယ်တချို့မှာ ဖော်ပြထားပါတယ်။
“လောလောဆယ် မြို့ထဲမှာပဲ လုံခြုံနေတယ်ဆိုတော့ စိုးရိမ်စရာမရှိပါဘူး။ မြို့ထဲတော့ သူတို့ ဝင်ဖမ်းလို့ မရဘူး။ စစ်ရှောင်ထွက်လို့ တခြားမြို့ ရောက်နေရင်တော့ စိုးရိမ်ရတာပေါ့လေ။ လောလောဆယ် ကြောက်ရတာက လေကြောင်းပါပဲ” လို့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားချက်အရ လူတစ်ဦးရဲ့ လူမှုကွန်ယက် စာမျက်နှာ (Facebook)အကောင့်၊ အမည်ရင်း၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာတို့ကို စာရင်းပြုစုထားပြီး တရားစွဲဆိုမယ့် ပုဒ်မတွေကိုပါ ဖော်ပြထားပါတယ်။



စစ်ကောင်စီတပ်ဘက်က အခုလို ပြင်ဆင်ပြီးတဲ့နောက်မှာ မိုးကုတ်မြို့ကနေ နေပြည်တော်ကို ဇူလိုင်လ ၂၅၊ ၂၆ နေ့တွေတုန်းက စစ်ဘေးရှောင်လာသူ ၆ ဦးခန့်ကို ဖုန်းစစ်ဆေးပြီး စံပြဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“ဂိတ်တွေရောက်တော့ မိုးကုတ်ဆိုတာတာနဲ့ အကုန်ဆင်းခိုင်းတာ။ ဖုန်းတွေ တစ်ခါတည်း စစ်ပြီး ဖမ်းခေါ်တာ။ ကလေးမလေးက သပ်သပ်။ မိသားစု ၅ ယောက်က သပ်သပ်”
အလားတူ အဲဒီရက်မှာပဲ နေပြည်တော်မှာ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေတဲ့ မိုးကုတ်မြို့ခံတစ်ဦးကို မြို့သိမ်းတိုက်ပွဲ ဂုဏ်ပြုကြောင်း Facebook မှာ ဝေမျှခဲ့တာကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
မိုးကုတ်မြို့ကို လက်ရှိ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF တို့က ထိန်းချုပ်ထားပြီး လေကြောင်းအန္တရာယ် ကာကွယ်ရေး အစီစဉ်တွေ ဖော်ဆောင်နေမှုနဲ့အတူ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
MK-014
ပုံစာ- ဇူလိုင် ၂၄ ရက်က စစ်ကောင်စီရဲ့ မိုးကုတ်ဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။








