မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုမိန်းမြို့နယ်၊ လွယ်တိုင်းလျန်းအခြေပြု RCSS ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်းကို ကာကွယ်သွားမယ်လို့ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ယနေ့ ဇူလိုင်လ ၂၉ ရက်မှာ ထုတ်ပြန်လာတဲ့ ၂၀၂၄ ခုနှစ်၊ ၆ လပတ် အစည်းအဝေးအပြီး အခုလို ထုတ်ပြန်လိုက်တာပါ။
အဆိုပါထုတ်ပြန်ချက်မှာ အချက် ၅ ချက်ပါရှိပြီး ရှမ်းတောင်ကို ကာကွယ်မယ်လို့ အမှတ် ၄ အချက်မှာ ဖော်ပြလာတာဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် RCSS အနေနဲ့ ပြည်သူလူထုနဲ့အတူလက်တွဲပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်ကြရန်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းဆောင်ရွက်သွားကြရန် လေးနက်စွာတိုက်တွန်းတယ်လို့ ဆိုပါတယ်။
RCSS ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဟာ လက်ရှိမှာ လူမျိုးတူ SSPP ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှမ်းတောင်ရပ်စောက်ဘက်မှာ တိုက်ပွဲဖြစ်နေတာကလွဲလို့ အာဏာရှင်စစ်ကောင်စီနဲ့ တိုက်ခိုက်တာမရှိဘဲ တော်လှန်ပြည်သူတွေ စွန့်ပယ်ပြီးဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကိုစွဲကိုင်ထားပြီး တွေ့ဆုံဆွေးနွေးရေးအကြောင်းပြကာ လက်နက်ကိုင်ထားတဲ့ အဖွဲ့ ၁ဖွဲ့သာ ဖြစ်တယ်လို့ သိရပါတယ်။
MK-012








