မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က စစ်ကောင်စီရဲ့ ခလရ-၆၈ ကို MNDAA၊ BPLA နဲ့ PLA တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ (ဇူလိုင် ၂၇)မှာ အလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် လက်နက်ခဲယမ်း အများအပြားနဲ့ စစ်ကား ၁၀ စီးကို သိမ်းမိတယ်လို့ ဒီနေ့မှာ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ကြပါတယ်။
ကိုးကန့်တပ် MNDAA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်တွေက လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အခုလို သိမ်းပိုက်နိုင်ခဲ့တာပါ။
လားရှိုးမြို့တွင်းက ဌာနဆိုင်ရာနေရာတွေ၊ စစ်ကောင်စီစခန်းတွေနဲ့ စစ်တပ်လက်အောက်ခံ နေရာတွေ အများစုကိုလည်း တော်လှန်ရေးတပ်တွေကို သိမ်းပိုက်ထားတာကြောင့် လားရှိုးမြို့ ထက်ဝက်ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ အစဥ်အလာကြီးတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရခမ) တည်ရှိရာ လားရှိုးမြို့မှာတော့ လက်ကျန်စစ်ကောင်စီအဖွဲ့တွေက တော်လှန်ရေးတပ်တွေကို ခုခံနေတာကြောင့် တိုက်ပွဲတွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရမခ ကို သိမ်းပိုက်နိုင်ပြီလို့ ဇူလိုင် ၂၅ ရက်မှာ MNDAA က ထုတ်ပြန်အသိပေးထားပေမယ့် သိမ်းပိုက်နိုင်တဲ့ ဓာတ်ပုံအထောက်အထားတွေတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရမခ မကျသေးဘဲ ခုခံနေကြတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း လားရှိုးမြို့မှာ စစ်ကောင်စီအဖွဲ့ဟာ ခုခံတွန်းလှန်နေဆဲဖြစ်ပြီး လားရှိုးမြို့မကျသေးကြောင်း ဇူလိုင် ၂၆ ရက်မှာ သူကိုယ်တိုင်ထွက်ပြောပါတယ်။
လက်ရှိမှာ လားရှိးမြို့အတွင်း “ဝ” တပ်ဖွဲ့ UWSA တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူထားပြီး ဒီလိုဝင်လာတာ စစ်ကောင်စီကို အကြောင်းကြားပြီး ဝင်လာတာဖြစ်သလို လားရှိုးမြို့တွင်းက ဝ တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ နေရာတွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးညီးရန်းက မီဒီယာတွေကို ပြောဆိုပါတယ်။
ဇူလိုင် ၁၈ ရက်နေ့က အသစ်ခန့်လိုက်တဲ့ ရမခတိုင်းမှူးသစ် ဗိုလ်မှူးချုပ်စိုးတင့်ဟာလည်း လားရှိုးကနေ ထွက်ပြေးသွားပြီး မူဆယ်ကွပ်ကဲအမိန့်ပေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။








