မဲခေါင်၊ ဇူလိုင် ၂၃
ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ ဆိုင်ကယ် ၂ စီးနဲ့ မောင်းနှင်လာတဲ့ ဒေသခံ ၄ ဦးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်သားတွေက မေးမြန်းတားဆီးမှုမရှိဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ TNLA က ဒီနေ့ ဇူလိုင် ၂၃ မှာ ထုတ်ပြန်လာပါတယ်။
ဇူလိုင် ၂၀ ရက်၊ ညနေ ၆း၃၀ အချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနေရာမှာပဲ ဒေသခံ ၄ ဦးဟာ ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့အပြင် ရုပ်အလောင်းတွေကိုလည်း အခင်းဖြစ်ပွားရာ လမ်းဘေးမှာပဲ စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၉ ကနေ ၂၂ အထိ ၄ ရက်တာအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဇူလိုင် ၁၉ မှာ အင်ကြင်းတောင်အထက်က အရပ်သား ၅ ဦး၊ ဇူလိုင် ၂၁ မှာ နမ့်တုံရပ်နဲ့ ရပ်ကွက် ၈ တို့က အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ဇူလိုင် ၂၂ မှာ ရှောက်ခြုံကျေးရွာနဲ့ ကံကြီးကျေးရွာတို့က အရပ်သား ၃ ဦး တို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၂၁ မှာလည်း လက်နက်ကြီးကြောင့် ကျောက်မဲမြို့၊ နမ့်တုံရပ်ကွက်က အမျိုးသမီး ၁ ဦး၊ ဇူလိုင် ၂၂ မှာ နမ့်ဟူးတောင်းအထက်ကျေးရွာက ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၂ ဦးနဲ့ နောင်ချိုမြို့ ရွှေပြည်ညွန့်လမ်းအနီးက အမျိုးသမီး ၂ ဦးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၉ မှာ ကျောက်မဲမြို့၊ အင်ကြင်းတောင်အတက်က စာသင်ကျောင်းနဲ့ နေအိမ် ၆ လုံး၊ ဇူလိုင် ၂၂ မှာ နောင်ချိုမြို့ ရွှေပြည်ညွန့်လမ်းအနီးက နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ (၂၈) ရက်တာအတွင်း စစ်ကောင်စီက အရပ်သားရှိရာကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးဆက်တိုက် ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား (၁၀၉) ဦးသေဆုံးပြီး (၁၃၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-015











