မဲခေါင်၊ ဇူလိုင် ၂၂
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်း ဖွင့်ပေးထားပြီး ကြားဖြတ် နားထောင်မှုတွေ ရှိနေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင်လ တတိယပတ်အတွင်း မြို့တွင်းတိုက်ပွဲ အခြေအနေ သတင်းရယူဖို့အတွက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ အဝင်ခေါ်ဆိုမှုတွေကို ပိတ်ထားပြီး အထွက်ခေါ်ဆိုမှု သီးသန့်ကိုပဲ ဖွင့်ပေးထားတာ ဖြစ်ပါတယ်။
“ဘယ်လိုမျိုး သိရလဲဆိုတော့ အထွက်တောင်မှ ပြည်သူဖုန်းနဲ့ ကျနော်တို့ ဖုန်းဆိုရင် ကျနော်တို့ ဖုန်းကပဲ ရနေတာမျိုးပေါ့။ တစ်နေရာထဲ အတူတူ ဆက်တာတောင်မှ ကျနော်တို့ ဖုန်းပဲ ရနေတာ။ ဟိုဖက်က ခေါ်တဲ့သူ နားထောင်ရင် ၂ သံကြားနေရတာမျိုးပေါ့” လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းက ကုန်းမြင့်သာယာ၊ တောင်ကချင်၊ ပန်းမထိပ်၊ ညောင်လေးပင်၊ ပတ္တမြားစေတီ အပေါ်ကုန်း၊ ချမ်းမြေ့သာယာ၊ ဗမွန်၊ တောင်နီကွေ့၊ စည်ပင်သာယာ၊ မင်းတံတား၊ ရေပူကုလားကုန်း၊ ညောင်သုံးပင်၊ စစ်တန်းကုန်း စတဲ့ ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်နေပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ရဲ့ ဖုန်းတွေဟာ ဆက်သွယ်လို့ ရနေသေးတယ်လို့ သိရပါတယ်။
“GSM ဖုန်းတိုင်းက Gateway ကနေတဆင့် ဖြတ်လာရတာဆိုတော့ ဖုန်းတိုင်းက နားထောင်လို့ရတယ်။ ဥပမာ မိုးကုတ်မှာ တာဝါတိုင် တစ်ခုကို လူ ၁၀၀၀ သုံးလို့ ရတယ်ဆိုရင် ၂၀၀ လောက် ကန့်သတ်လိုက်ပြီး အထွက် Call သီးသန့်ပဲ ဖွင့်ထားပေးလို့ရတယ်။ သူတို့ကြိုက်တဲ့ နံပါတ်ကိုပဲ စိတ်ကြိုက် အသံဖမ်းထားလို့ ရတယ်။ အာဏာသိမ်းစကတည်းက တကယ်လည်း လုပ်ခဲ့တယ်” လို့ ဆက်သွယ်ရေး အော်ပရေတာမှာ လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဖိုင်ဘာဝိုင်ဖိုင်နဲ့ ကြိးမဲ့စနစ်ဝိုင်ဖိုင်တွေကိုလည်း စစ်ကောင်စီက ဖြတ်တောက်ထားပေမယ့် Ocean Wave ကတော့ အသုံးပြုလို့ ရနေသေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားပြီး ဇူလိုင်လ မကုန်ခင်မှာ တစ်မြို့သိမ်းယူနိုင်ဖို့ အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်အရင်းအမြစ်တွေက ပြောပါတယ်။
MK-014








