မဲခေါင်၊ ဇူလိုင် ၂၂
မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်၊ အင်းနက်ရွာ တာဝါတိုင်ကုန်း စစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် (၃) အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းဒရုန်း အဖွဲ့ နဲ့ သပိတ်ကျင်းမြို့နယ် (ပကဖ) တို့ တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ် ပစ်ကူပေးခဲ့ပေမယ့် တာဝါတိုင်ကုန်း စစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၈) လောင်း၊ စစ်သုံ့ပန်း (၈) ဦး ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ့စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ (၃၃၇၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ ကျည်ဘောက် (၉၉) ဘောက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။









