မဲခေါင်၊ ဇူလိုင် ၁၉
ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ကြီး-တာချီလိတ် လမ်းမကြီး တစ်လျှောက်က မိုင်းပျင်းတောင် လမ်းပိတ်မှုက ဇွန်လ ပထမပါတ်ကတည်းကနေ ယခု ဇူလိုင် လလယ်အထိ တစ်လခွဲကျော်ကြာ ခရီးလမ်းနှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မိုးရွာသွန်းမှုများတာနဲ့ တရုတ်နဲ့ ထိုင်း ကုန်သွယ်မှုကို ရှမ်းအရှေ့ လမ်းကြောင်းတစ်ခုတည်း စုပြုံအသုံးပြုနေရတာကြောင့် ကားလမ်းပျက်စီးတာ၊ လမ်းချော်တာ၊ စစ်ဆေးရေး ဂိတ်များတာတွေကြောင့် ဇွန်လ ၅ ရက်နေ့ကတည်းကနေ ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့အထိ လမ်းပိတ်မိနေတာပဲ ဖြစ်ပါတယ်။
လမ်းပိတ်တဲ့ နောက်ဆက်တွဲအနေနဲ့ ခရီးသည်တွေအတွက် အရင်ထက် လမ်းခရီးကြာချိန် ၂ ဆခန့် ပိုလာပြီး ပစ္စည်းထည့်သူတွေအတွက် တစ်ပတ်ခန့် ကြာမြင့်တာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
“စားစရာက ရှိတဲ့နေရာ ရှိပြီး မရှိတဲ့နေရာက ရေတောင် မရဘူး။ ဒီကာလ ကားသမားရော ခရီးသည်ရော အကုန်ဆောင်ထားမှပဲ အဆင်ပြေတယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
မိုင်းပျဉ်းတောင်နဲ့ ကိုးထပ်ကွေ့မှာ လမ်းချော်ပြီး လမ်းတစ်လျှောက် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ပေါင်း ၆ ခုရှိတဲ့အပြင် တာကော်စစ်ဆေးရေးဂိတ်မှာလည်း တစ်နာရီနီးပါးခန့် လမ်းဆင်းလျှောက်ရတာကြောင့် အခုလို လမ်းပိတ်နေတာလို့ ဆိုပါတယ်။
“ဝယ်သူက လာပြီ။ ပစ္စည်းက မရောက်သေးဘူးဆိုတော့ ရှိတဲ့ ဆိုင်က ဈေးတင်ရောင်းတာနဲ့ ဈေးကွက်က ပျက်ပြီ။ အဓိက တာချီလိတ်လမ်း ပိတ်နေတာပေါ့” လို့ တောင်ကြီးမြို့တွင်း ကုန်သည် တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းတွေအနေနဲ့ ရှမ်းရှေ့ တာချီလိတ်လမ်း၊ ရှမ်းမြောက် မူဆယ်လမ်းနဲ့ ကရင်ပြည် မြဝတီလမ်း စတဲ့ ၃ လမ်း ရှိပြီး မူဆယ်နဲ့ မြဝတီလမ်းဟာ တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ကြားက တာချီလိတ်လမ်းပါ အခုလို အခက်အခဲ ဖြစ်နေတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကာ ကုန်ဈေးနှုန်းတက်နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။
MK-014









