မဲခေါင်၊ ဇူလိုင် ၁၈
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးနဲ့ ကျောက်မဲမြို့တို့မှာ စစ်ကောင်စီရဲ့ တစ်ဖက်သတ် ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး ကား ၃ စီး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ကျောက်မဲမြို့၊ ခိုမုန်းသစ်စက်ဝန်းကို ဇူလိုင်လ ၁၆ ရက်နေ့က ပစ်ခတ်ခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။


ဒါ့အပြင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက် ၈၊ ကားဝပ်ရှော့ဆိုင်မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကား ၃ စီး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ လားရှိုးမြို့ကိုလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက် ၁ မှာ မိသားစုဝင် ၃ ဦး ထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ ညောင်လေးပင်၊ ချမ်းမြသာယာနဲ့ ရေပူရပ်ကွက်မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား အပစ်ရပ်ထားတဲ့ ၃ ရက်တာအတွင်း စစ်ကောင်စီဘက်က တစ်ဖက်သတ် ပစ်ခတ်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-015










