မဲခေါင် ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ ကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲထပ်မံ ဖြစ်ပွားနေကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဗန်းမော်ဘက်ကနေ မိုးမောက်ဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို KIA တပ်မဟာ ၃ ပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်တာ။ ဒီမနက်မှာ တိုက်ပြင်းထန်လာတယ်။” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်ကနေ မိုးမောက်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို KIA တပ်မဟာ ၃ နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီမနက်ပိုင်းက ၇ မိုင်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာက တိုက်ပွဲ ပြင်းထန်လာတာလို့ ဆိုပါတယ်။
“မနေ့ည ဇူလိုင်လ ၁၅ ရက် ည ၉ နာရီ ကျော်လောက်မှာ စစ်ကောင်စီက မိုးမောက်ဘက် လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ထည့်နေတာ။ ဧရာဝတီ မြစ်ကမ်းနားဘက်က စစ်ကောင်စီတွေ ၁၂၀ မမ ပစ်နေတာလို့ သိရတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီ တိုက်ပွဲ ဖြစ်ပွားရာ ဗန်းမော် နဲ့ မိုးမောက်ကြား ၇ မိုင်ဘက်ကို စစ်ကောင်စီဘက်က လူအင်အားတွေ အပြင် သံချပ်ကာကားတွေပါ အင်အားထပ်ဖြည့်ကာ ထိုးစစ်ဆင်နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဗန်းမော် အခြေစိုက် စစ်ကောင်စီ ခလရ – ၄၇ တပ် ကနေလည်း မံစီဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ဗန်းမော် – မံစီလမ်းက ကောင်ဂျာယန်အနီး စစ်ကောင်စီရဲ့ သံချပ်ကာကား ၁ စီး၊ မေလ ၁၀ ရက်နေ့က ဗန်းမော် – မိုးမောက်လမ်း၊ ၅ မိုင်မှာ စစ်ကောင်စီရဲ့ သံချပ်ကာကား ၁ စီး ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
CJ-008








