မဲခေါင်၊ ဇူလိုင်၁၄
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့ကို SSPP တပ်ဖွဲ့ဝင်ထောင်ကျော် ဝင်ရောက်တပ်စွဲတာဟာ သူတို့ရဲ့ စိုးမိုးနယ်မြေဖြစ်ပြီး ပြည်သူတွေကတောင်းဆိုလို့ ကာကွယ်ပေးဖို့လာတာလို့ SSPP Info မှာ ဖော်ပြလာပါတယ်။
မနေ့ဇူလိုင် ၁၃ ရက်က ရှမ်းမြောက်မိုင်းရယ်မြို့ကို SSPP တပ်တွေ ဝင်ရောက်လာတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးနောက်ညနေပိုင်းမှာ အခုလိုကဲ့သို့ ထုတ်ပြန်လာတာပါ။
မိုင်းရယ်မြို့ကို SSPP တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တာနဲ့ပတ်သက်လို့ SSPP ရဲ့ အတွင်းရေးမှူး(၂) ဖြစ်သူ ဗိုလ်မှူးကြီးစိုင်းဆုက “ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေဖြစ်ပါတယ်၊ ဒါကြောင့်လည်း အခြားအဖွဲ့အစည်းတွေ လက်ထဲရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ရှိနေအောင် အခုလိုလုပ်လိုက်တာဖြစ်တယ်၊ ပြည်သူတွေကလည်း သူတို့ကို ကာကွယ်ပေးဖို့ ကျနော်တို့ကို တောင်းဆိုကြပါတယ်” လို့ ပြောပါတယ်။
နိုင်ငံရေးလေ့လာသူနဲ့ စစ်ရေးအကဲခတ်သူတွေကတော့ ဒီလုပ်ရပ်ဟာ UWSA လို စစ်ကောင်စီနဲ့ညှိနှိုင်းပြီး ၀ဒေသကို စစ်ဘောင်မကျယ်ပြန့်အောင်၊ စစ်ရှောင်တွေ ရောက်မလာအောင်၊ တန့်ယန်းက အမျိုးတွေမထိခိုက်အောင် ကာကွယ်ဖို့ ရောက်လာတယ်ဆိုတဲ့အကြောင်းပြချက်လို မရှင်းလင်းဘူးလို့ ဆိုပါတယ်။
အခြား မြေပြင်သတင်းတွေမှာတော့ SSPP ဌာနချုပ်၊ ဝမ်ဟိုင်းမှာ UWSA တပ်ဖွဲ့ဝင်တွေရောက်နေသလို စစ်ကောင်စီတပ်ဌာနချုပ်ဖြစ်တဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ခိုလန်)က စစ်ဗျူဟာမှူးတို့ ရောက်ရှိနေပြီး တန့်ယန်းနဲ့မိုင်းရယ်ကြားနေရာတွေနဲ့ သီပေါနဲ့မိုင်းရယ်ကြားက နမ့်လန်၊ စိန်ကျော့၊ ဆောင်ကြဲနေရာတွေမှာ SSPP တွေ တပ်ဖြန့်နေပြီး ဘော်ကြိုမှာလည်း အင်အားအများအပြားရောက်ရှိလာနေတယ်လို့သိရပါတယ်။
မိုင်းရယ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ခမရ-၃၂၅ ၊ ခလရ-၆၇ နဲ့ ခလရ-၂၂ တို့ အခြေစိုက်ထားတယ်လို့ SSPP Info မှာ ဖော်ပြထားပါတယ်။
MK – 012








