မဲခေါင်၊ ဇူလိုင် ၁၁
ရှမ်းပြည်မြောက်ပို၊ တန့်ယန်းမြို့ကို ဒီနေ့ UWSA တပ်ဖွဲ့တွေ အင်အားထောင်ကျော် ကားတွေနဲ့ဝင်ရောက်လာတာဟာ လက်ရှိဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ ပါဝင်ဖို့မဟုတ်ဘဲ ကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေ တန့်ယန်းကို မဝင်လာအောင် ကြိုတင်ကာကွယ်တာလို့ UWSA က ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၁ ရက် နေ့လယ်ပိုင်းမှာ ရှမ်းမြောက်က တန့်ယန်းမြို့တွင်းကို UWSA တပ်ဖွဲ့အလံတွေလွှင့်ပြီး တပ်ဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ယာဉ်တန်းဟာ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက မဲခေါင်သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကိုအကြောင်းပြန်ပါတယ်။
“ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန့်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် စိုးရိမ်နေကြတဲ့ ဒေသခံနဲ့ ကျနော်တို့ မိသားစုတွေရဲ့တောင်းဆိုချက်နဲ့အတူ အစိုးရ (စစ်ကောင်စီ)နဲ့ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလကျနော်တို့ရဲ့ ဘက်မလိုက်မူဝါဒကို ကျင့်သုံးပြီး ပဋိပက္ခဖြစ်ပွားမှုကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ တန့်ယန်းဒေသ တည်ငြိမ်အေးချမ်းရေးလိုလားပြီး အဘက်ဘက်အတွက်လည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်”လို့ ဦးညီရမ်းက ပြောခဲ့ပါတယ်။
ဒေသခံ ၁ ဦးရဲ့ ရုပ်သံမှာလည်း ၀တပ်တွေ ဝင်လာလို့ ကားတွေရေတွက်တာ ၁၁ စီးရှိပြီး အလံတွေလွှင့်လာတာနဲ့ စစ်ကောင်စီဗျူဟာကိုသွားတယ်လို့လည်း ပြောတာတွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ သတင်းသုံးသပ်သူကလည်း တန့်ယန်းမြို့ကို MNDAA ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် နေပြည်တော် သဘောတူညီချက်နဲ့၀တပ်ကို မြို့တွင်းကို ဝင်ရောက်ခွင့်ပြုတယ်လို့ ဒေသတွင်းသတင်းရစ်မြစ်ကို ကိုကားပြီး ပြောဆိုထားပါတယ်။
တန့်ယန်းကို ရောက်လာတဲ့ UWSA တပ်တွေဟာ ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံဘက် စစ်ဒေသ-၁၇၁ ဘက်က အင်အား ၁၅၀၀ ကျော်နဲ့ ပန်ဆန်း တပ်မဟာ ၃၁၈ က အင်အား ၅၀၀ ကျော် စုစုပေါင်း ၂၀၀၀ ကျော်ဖြစ်ပါတယ်။
တန့်ယန်းမြို့ဟာ ‘၀’ ဒေသရဲ့ သံလွင်မြစ်အနောက်ဘက်ကမ်းမှာ အနီးဆုံးတည်ရှိတဲ့မြို့ဖြစ်ပြီး ကြားခံဒေသအနေနဲ့ စစ်မီးမကူးစက်ဖို့ နယ်မြေလာရောက်ထိန်းပေးတာလို့ ‘ဝ’ တပ်ဖွဲ့နဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။
တန်ယန်းမှာ တိုက်ပွဲဖြစ်ပွားလာရင် သိန်းချီတဲ့စစ်ဘေးရှောင်တွေ ‘ဝ’ပြည်နယ်ဘက်ကို ဝင်ရောက်လာနိုင်ပြီး ဒေသအတွက် အလွန်ပျက်စီးဆုံးရှုံးစေနိုင်တဲ့ ထိခိုက်မှုမျိုးတွေဖြစ်လာနိုင်တယ်လို့ ‘ဝ’ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။
ဒါ့အပြင် UWSA တပ်က အရာရှိအများစုနဲ့ ဝန်ထမ်းအများစုဟာ တန့်ယန်းဇာတိတွေဖြစ်ကြပြီး ဆွေမျိုးတွေလည်းရှိတာဖြစ်လို့ ဖြစ်လာမယ့်စစ်က အားလုံးကို သက်ရောက်ပြီး မတည်မငြိမ်ဖြစ်သွားစေနိုင်တယ်လို့ ယူဆကြောင်း နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခြားသတင်းရင်းမြစ်တွေအရတော့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို ဖော်ဆောင်နေတဲ့ MNDAA နဲ့ TNLA နောက်ကွယ်မှာ UWSA ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ သံသယကို ပြသတာလည်း ဖြစ်နိုင်တယ်လို့ ညွှန်းဆိုတာ တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းက ဇန်နဝါရီ ၅ ရက်မှာ ဟိုပန်နဲ့ ပန်လုံမြို့ကို မြောက်ပိုင်းမဟာမိတ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး UWSA ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ လွှဲအပ်ခဲ့တာ ရှိခဲ့ပါတယ်။
တန့်ယန်းမြို့ကို UWSA က ထိန်းချုပ်လိုက်တာကြောင့် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မြို့ ၇ မြို့ထဲက မြို့ ၆ ခုကို UWSA က ထိန်းချုပ်ထားပြီး မက်မန်းမြို့ ၁ မြို့တည်းမှာသာ စစ်ကောင်စီတပ်စခန်းတွေရှိတော့တာဖြစ်ပါတယ်။
ရှမ်းမြောက်မှာ မြို့နယ် ၁၄ မြို့နယ်နဲ့ မြို့ ၁၁ မြို့ရှိပြီး အဲဒီထဲက ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ မှာ မြို့နယ်နဲ့ မြို့ ၁၇ မြို့ကို မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ရရှိခဲ့ပါတယ်။ အပိုင်း(၂) မှာတော့ ဇူလိုင်လ ၁၀ ရက်မှာ နောင်ချိုမြို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးကိုလည်း MNDAA ဦးဆောင်ပြီးတော့ လက်ရှိမှာ တိုက်ခိုက်နေတာဖြစ်ပါတယ်။
MK-012








