မဲခေါင်၊ ဇူလိုင် ၁၀
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ PNO က ပြည်သူတွေရဲ့နေအိမ် တွေကို မွှေနှောက်ဖျက်ဆီးပြီး ဘုရားဆင်းတုတော်တွေနဲ့ ငွေတွေ၊ ကားတွေ ဆိုင်ကယ်တွေကို လုယက်ယူဆောင်သွားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်က နားခိုက်ရွာထဲကို သေနတ်ပစ်ဖေါက်ဝင်လာတဲ့ PNO ဟာ ကျေးရွာဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၅၆ အိမ်ကို မွှေနှောက်ရှာဖွေကာ ဘုရားကြေးဆင်းတုတော် ၁၅ ဆူ၊ ကား ၄ စီး၊ ဆိုင်ကယ် ၂၈ စီး ၊ ငွေသား ကျပ်သိန်း ၃၄၀၊ ရွှေ ၁၀ ကျပ်သား၊ ဖုန်းတွေ၊ ပါ၀ါဘဏ်တွေ ကို လုယက်ယူဆောင်သွားတဲ့အပြင် ဒေသခံ ၃ဦးကို သတ်ဖြတ်ကာ ၈ ဦးကို ပြင်းထန်စွာရိုက်နှက်ခဲ့ပြီး ဘုန်းကြီးကျောင်းကို သေနတ်တွေနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် ကား ၁၀ စီးနဲ့ ၈ အိမ်ကို မီးရှို့ဖျက်ဆီးပြီး မီးမရှို့ဘဲ ၄ အိမ်ကို ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
“PNO စတင်ဖွဲ့စည်းစဉ်က လွတ်လပ်တဲ့ ပအိုဝ်းပြည်တည်ထောင်မယ်ဆိုပြီး ပန်းတိုင်ချမှတ်ခဲ့ပေမယ့် နောက်ဆုံးတော့ စစ်ကောင်စီရဲ့ကျွန်အဖြစ်ခံယူပြီး ပအိုဝ်းပြည်သူကို ပြန်လည်သတ်ဖြတ်တာနဲ့ လမ်းဆုံးနေတဲ့ အကြမ်းဖက်ဓားပြအဖွဲ့ဖြစ်လာနေပါတယ်`လို့ PNLO ပြောရေးဆိုခွင့်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
PNLO စစ်ဦးစီးချုပ်ရဲ့ မိသားစုပိုင်အိမ်ကို ထပ်မံမီးရှို့ခဲ့သလို အခြားအိမ်တွေကို ရဟန်းသံဃာတွေတောင်းပန်လို့ မီးငြိမ်းသတ်ပေးလို့ မပျက်စီးခဲ့ဘူးလို့သိရပါတယ်။
နားခိုက်ကျေးရွာဟာ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသမှာ တည်ရှိပြီး အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ကျေးရွာကြီးဖြစ်ကာ PNO တွေကြောင့် ရွာတဝက် နီးပါးမျှ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
MK-012












