မဲခေါင် ဇူလိုင် ၉
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို မန္တလေး PDF က ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ တပ်စခန်း ၁၁ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ မနေ့ ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။
စဥ့်ကူးမြို့နယ်အတွင်းမှာ အရင်ကသိမ်းပိုက်ရရှိထားတဲ့ တပ်စခန်း ၆ ခု အပါအဝင် အခုမှာ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်းနဲ့ ပင်လယ်ကြီး တပ်စခန်း တို့ကို ထပ်မံသိမ်းပိုက်လိုက်နိုင်တဲ့အတွက် တပ်စခန်း ၁၁ ခု အထိ သိမ်းပိုက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။



“စခန်းသိမ်းတိုက်ပွဲတွေ မြန်ဆန်တယ်လို့တော့ ပြောဖို့ခက်ပါတယ်ဗျ။ သို့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ ပြိုလဲပျက်စီးနေပြီ။ တိုက်လိုခိုက်လိုစိတ်နည်းနေတယ်ဆိုတာတော့ ကျနော်တို့ မျက်မြင်တွေ့ရတယ်။ ဒါကြောင့်မို့ပဲ တချို့စခန်းတွေက မြန်မြန်ဆန်ဆန်ပဲ လက်နက်ချ အညံ့ခံတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်နေတယ်လို့ ပြောရင်ရပါတယ်ဗျ” လို့ မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
စဥ့်ကူးစစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီဘက်က သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် ၁၅ ယောက် အရှင်ဖမ်းဆီးမိခဲ့သလို လက်နက်ချ အလင်းဝင်တဲ့ ပသစ (ပျူစောထီး) တပ်ဖွဲ့တွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် စဥ့်ကူးစစ်ဆင်ရေးတွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ချပေးခဲ့တဲ့ လက်နက်ခဲယမ်း အထုပ်တွေအပါအဝင် တခြားလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စဥ့်ကူးမြို့နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) ကလည်း စဥ့်ကူးစစ်ဆင်ရေးတွေမှာ ထောက်ပို့ဆိုင်ရာလုပ်ငန်းတွေကို ပံ့ပိုးကူညီနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-015










