မဲခေါင်၊ ဇူလိုင် ၈
တရုတ်အစိုးရဟာ အိန္ဒိယနဲ့ ပိုင်နက်အငြင်းပွားမှု နှစ်ရှည်တည်ရှိခဲ့တဲ့ လာဒက်ရှ်ပြည်နယ် အရှေပိုင်း ပန်ဂေါင်း ရေကန်ကြီးဘေးမှာ လျှို့ဝှက် စစ်တပ်အခြေစိုက်စခန်းအဖြစ် မြေအောက်ဥမင်တွေ တူးဖော် တည်ဆောက်နေကြောင်း အမေရိကန်အခြေစိုက် BlackSky အဖွဲ့ရဲ့ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းမှာ ထင်ထင်ရှားရှား တွေ့ရှိရပြီ ဖြစ်ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဟာ ဒီဒေသမှာ စစ်အခြေစိုက်စခန်းအဖြစ် တည်ဆောက်ထားရာမှာ လေကြောင်းတိုက်ခိုက်ခံရရင် ထိခိုက်မှုနည်းနိုင်မယ့် မြေအောက်ဥမင် စခန်းကြီးကို ၂၀၂၁-၂၂ ခုနှစ်ကစလို့ စတင်တည်ဆောက်နေခဲ့တာဖြစ်ပြီး ၂၀၂၀ က နှစ်နိုင်ငံ လက်နက်ကိုင်တိုက်ပွဲမဖြစ်ရ သဘောတူထားတဲ့ Line of Actual Control (LAC) စည်းနဲ့ ၅ ကီလိုမီတာအကွာမှာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။
ဒီဂြိုဟ်တုဓာတ်ပုံကို မေ ၃၀ ရက်နေ့ကတည်းက ရိုက်ကူးရရှိခဲ့တာဖြစ်ပြီး ကျွမ်းကျင်သူတွေရဲ့ လေ့လာအဖြေထုတ်မှုမှာ လျော့စောက်ဝင်ပေါက်ကြီး ၅ ခုပါတဲ့ အလွန်ကြီးမားတဲ့ မြေအောက်စခန်းကြီးတစ်ခု၊ အနီးအနားမှာ နောက်ထပ်ဝင်ပေါက် ၅ ပေါက်ပါတဲ့ မြေအောက်စခန်းငယ်တစ်ခု၊ သံချပ်ကာ၊ တင့်ကားနဲ့ ဂျက်လေယာဉ်တွေ အကာအကွယ် အမိုးအုပ်ပေးထားတဲ့ အဆောက်အအုံကြီးတစ်ခု ပါရှိတာကြောင့် ဒါဟာ စစ်အခြေစိုက်ရုံချုပ်စခန်း သာဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီမြေအောက် စစ်စခန်းဟာ ၂၀၂၀ ဇွန်လက အိန္ဒိယစစ်သား အနည်းဆုံး အယောက် ၂၀ သေဆုံးခဲ့ရတဲ့ ဂယ်လ်ဝန် တောင်ကြား နှစ်ဖက်စစ်သားတွေ သေနတ်မသုံးဘဲ ရိုက်နှက်သတ်ဖြတ်မှု ဖြစ်ပွားတဲ့ နေရာနဲ့ ၁၂၀ ကီလိုမီတာအကွာမှာ တည်ဆောက်ထားတာဖြစ်လို့ မဟာဗျူဟာအရ အထူးအရေးပါကြောင်း၊ အိန္ဒိယ အစိုးရအနေနဲ့လည်း တရုတ်နယ်စပ်ဒေသတွေမှာ စစ်စခန်းတွေ အခြေစိုက်ထားရှိပြီး စစ်အင်အား၊ လက်နက်၊ လေယာဉ်၊ လေကြောင်း ရန်ကာကွယ်ရေးစနစ်တွေကို ပိုမိုထားရှိနိုင်ရေး ဘတ်ဂျက်သုံးစွဲဖို့လိုကြောင်း အိန္ဒိယတပ်မှူးဟောင်း တစ်ယောက်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
တရုတ်ဟာ မတရားသိမ်းပိုက် ထိန်းချုပ်ထားတဲ့ တိဘက်နယ်စပ်က ရှီဂါတီအရပ်မှာလည်း J-20 ကိုယ်ပျောက် တိုက်လေယာဉ် ၆ စီး၊ J 10 စွယ်စုံသုံး တိုက်ခိုက်ရေးဂျက်လေယာဉ် ၈ စီး ထားရှိတဲ့ အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ထားပြီး ဒီစခန်းဟာ အနောက်ဘန်ဂေါမှာ အိန္ဒိယ လေတပ်အခြေစိုက်တဲ့ ဟာဆီမာရာ လေတပ် စခန်းနဲ့ ၃၀၀ ကီလိုမီတာအကွာမှာသာ တည်ဆောက်ထားတာဖြစ်ပါတယ်။
Ref: newsx
MKF-001








