မဲခေါင်၊ ဇူလိုင် ၅
တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်က တစ်ယူနစ်ကနေ ၃၀ ယူနစ်အထိ ၃၅ ကျပ်သာ ကျသင့်ပေမယ့် အခုလို တိုးမြင့်ကောက်ခံလိုက်တာကြောင့် ၁၀၅ ကျပ်အထိ ကုန်ကျနိုင်ပြီး စီးပွားရေး ပိုကြပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။
“လင်းသီဟ ကုမ္မဏီက လာပြောတာ။ မီးသာ မလာတာ။ မီတာခက ၅ သောင်း အောက်ဆုံးပဲ။ ဒီထက်တက်မယ်ဆိုတော့ မတွေးရဲဘူး” လို့ ကျောင်းကြီးစုရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက တောင်ကြီးမြို့မှာ လျှပ်စစ်မီး ပုံမှန်မလာသလို ဇွန်လတုန်းကလည်း ၃ ရက်အထိ လျှပ်စစ်မီးပြတ်တောက်ခဲ့ပေမယ့် လစဉ်ပေးဆောင်ရတဲ့ မီတာခ လျော့သွားတာမျိုး မရှိတာကြောင့် အခုလို တိုးမြင့်ကောက်ခံတဲ့အပေါ် မြို့ခံတွေဘက်က ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
“လုပ်ငန်းသုံးဆိုတော့ ယူနစ် ၁၅၀ အထိက ၁၂၅ ကျပ် ကျတယ်။ အဲဒါကို သူတို့က ယူနစ် ၅၀၀ မပြည့်ရင် ယူနစ်လျှော့ကောက်ပြီးမှ အများကြီး ယူနစ်စုထားတာ။ ယူနစ် ၁၀၀၀ လောက် စုမိပြီဆိုမှ ၁၄၅ ကျပ်နဲ့ ကောက်လိုက်တာ။ အဲတာတောင် တစ်သိန်းကျော်လောက် ကျနေတာ၊၊ အခုတိုးမယ်ဆိုတော့ ရှာသမျှ မီတာခပဲ ဖြစ်တော့မယ်” လို့ အဆောင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။
လတ်တလောစုံစမ်းမှုအရ ကျောင်းကြီးစုရပ်ကွက် တစ်ခုတည်းသာ ကြေညာထားပြီး ကျန်တဲ့ ရပ်ကွက်တွေမှာ ကြေညာထားတာမျိုး မရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
MK-015








