မဲခေါင်၊ ဇူလိုင် ၅
ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ရှောင်တဲ့ကားတွေမှာ အလံဖြူတွေနဲ့ထောင်ထားကာ ထွက်ခွာပြီးနောက် မိုးပြင်းထန်စွာရွာတာကြောင့် လမ်းမှာပိတ်မိခဲ့ပြီး စဉ့်အင်ဖောင်ဆိပ်မှာလည်း ရေတွေကြီးလို့ ဖြတ်သွားဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။
“ ဒီမနက်လူအများစုထွက်သွားကြတယ် မိုးလဲရွာတော့ ဖုန်းလိုင်းတွေပျက်နေတယ် ကျွန်တော့် ဦးလေးတို့စစ်ရှောင်ထဲပါသွားတော့ ခုနကပဲဖုန်းဆက်လို့ရတော့ အကုန်ပိတ်နေတယ်၊အခြေအနေစောင့်ပြီးသွားရမယ်ထင်တယ်၊ တစ်ချို့က လားရှိုးထဲပြန်ဝင်လာမယ်ပြောနေတယ်” လို့ စစ်ရှောင်နေသူရဲ့ ဆွေမျိုးတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောနေပါတယ်။
လားရှိုးဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ဒေသခံတွေက ထွက်ပြေးမတိမ်းရှောင်ပဲ မြို့ထဲမှာနေထိုင်ကြတယ်လို့ သိရပါတယ်။
ဇူလိုင် ၂ရက်နေ့ ည၁၁ နာရီကျော်အချိန်မှာစပြီး လက်နက်ကြီးနဲ့ ရှော့တိုက်ဒုံးကျလို့ နေအိမ်များနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်ဆီးခဲ့ပြီး ကလေး ၃ ဦးအပါဝင် ၁၃ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့သိရပါတယ်။
လားရှိုးပတ်ပတ်လည်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်ခဲ့ပြီး လားရှိုးအနီးကရှိတဲ့ကျေးရွာအများစုလည်း ထွက်ပြေးတိမ်းရှောင်နေပါတယ်။
ပုံ-ပုံဟောင်း
MK 011








