မဲခေါင်၊ ဇွန် ၂၇
စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရောင်းချပေးတဲ့ ပေါ်ဆန်းမွှေးဆန်အိတ်တွေဟာ ဆန်အရည်သွေးမပြည့်မီတာနဲ့ အလေးချိန်လျော့တာတွေ ကြုံနေရတယ်လို့ ဝယ်ယူခဲ့သူတွေက ပြောပါတယ်။
စစ်ကောင်စီက ဇွန်လ ၂၀ ရက်နေ့မှာ ဆန်စပါးကုန်သည်တွေကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တဆင့် ဝါးတန်းနဲ့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တို့မှာ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တန်းစီစရာမလိုဘဲ လိုသလောက် ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်အခြေအနေနဲ့တော့ ကွဲလွဲနေတယ်လို့ ဒီနေ့မနက် ဆန်ဝယ်ယူခဲ့သူတွေက ပြောပါတယ်။
“သူတို့ပြောသလို တန်းစီစရာလည်း မလိုဘူး။ မှတ်ပုံတင်ပြစရာလည်း မလိုဘူးဆိုလို့ သွားလိုက်တာ မနက် ၈ ခွဲလောက်ရောက်သွားတော့ ရှေ့မှာတင် အယောက် ၁၀၀ ရှိပါတယ်။ တစ်အိမ်ထောင်ကို ၁၂ ပြည် တစ်အိတ်ပဲ ရပါတယ်။ အိမ်ရောက်လို့ စစ်ကြည့်တော့ ဆန်သားက ခြောက်သလိုလို ဟောင်းသလိုလိုနဲ့ အနှံ့တော်တော်ပြင်းတယ်။ ပေါ်ဆန်းမွှေး မစစ်ဘူး”လို့ ဆန်ဝယ်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပေါ်ဆန်းမွှေးလို့ ပြောရောင်းတဲ့ ဆန်တွေကို ၄ မျိုးလောက် ရောရောင်းနေပြီး ဆန်တစ်အိတ်ကို ၄ ပြည်အတိ လျော့နေတာကြောင့် ဝယ်ယူသူ အောက်ခြေလူတန်းစားတွေဘက်က ငွေကြေးနစ်နာ ဆုံးရှုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက် ပို့စနစ်နဲ့လည်း လိုသလောက် ဝယ်ယူနိုင်ပြီး Viber က ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် စာပြန်ဖို့ ၂ ရက်ကြာတဲ့အထိ စောင့်ရတာ၊ လုံးဝစာမပြန်တာတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“ဆန်တွေက ချက်ရတာ ရေခန့်မှန်းရ ခက်တယ်။ အကုန်ရောထားတော့ ရေများရင် ပျော့တယ်၊ မနပ်ဘူး။ ရေနည်းတော့လည်း မာတယ်။ ပေါ်ဆန်းမွှေးလို့ ပြောပြီး ဆန်ကွဲတွေလည်း ပါလာတယ်” လို့ ဆန်ဝယ်ခဲ့သူ နောက်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဆန်ဈေးကို ထိန်းချုပ်ဖို့ ဆန်သည်တွေကို ဖမ်းဆီးတာ၊ ဆန်တွေ လိုက်သိမ်းတာ၊ သတ်မှတ်ဈေးနဲ့ ရောင်းခိုင်းတာတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးဖို့ ညွှန်ကြားထားပေမယ့် လက်တွေ့မြေပြင်မှာ လိုသလောက်မရတာ၊ အချိန်ကြာမြင့်တဲ့အထိ စောင့်ရတာ၊ လုံလောက်မှုမရှိတာ၊ ဆန်အရည်အသွေး ညံ့ဖျင်းတာတွေ ကြုံနေရတယ်လို့ ဝယ်ယူသူတွေဆီက သိရပါတယ်။
MK-014










