မဲခေါင် ဇွန် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့အနီးက မှော်ဘီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဇွန်လနောက်ဆုံးပတ်အတွင်း နေရပ်ပြန် စစ်ဘေးရှောင်တွေ သယ်ဆောင်လာတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို သိမ်းဆည်းနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီဂိတ်မှာ ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်း၊ မော်ချီးမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်၊ အနောက်ပဒေါင်ဒေသက လာတယ်လို့ ဖြေဆိုတဲ့ စစ်ဘေးရှောင်တွေကိုလည်း စစ်ကောင်စီတပ်က PDF တွေလို့ ယူဆပြီး ဖမ်းဆီးနေပါတယ်။
“အခုမှ အိမ်ပြန်ပါတယ်ဆို သယ်မသွားရင် ဘာနဲ့စားရမလဲ။ ဝယ်ဖို့ နေရာကလည်း ရှိ/မရှိ မသေချာ။ ရှိရင်လည်း ဈေးကကြီးနဲ့။ နာတာရှည်ရောဂါသည် ပါလာတယ် ပြောတာတောင် လက်မခံဘဲ ဆေးဝါးတွေ သိမ်းသွားတာ” လို့ နေရပ်ပြန် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံနဲ့ မိုးဗြဲအင်းတစ်လျှောက် ပြေးဆွဲနေတဲ့ စက်လှေတွေနဲ့ ငါးဖမ်းစက်လှေတွေကိုလည်း PDF တွေ ကင်းလှည့်တယ်လို့ ယူဆပြီး လိုက်လံပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့၊ ဘီလူးချောင်းတလျှောက်က စက်လှေတွေနဲ့ လူနေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ချောင်းပစ်တာတွေ ရှိနေပြီး တစ်ဖက်မှာလည်း လွိုင်ကော်မြို့ကို နေရပ်ပြန်လာကြသူတွေ များသထက်များလာအောင် အမျိုးမျိုး ဝါဒဖြန့်နေတယ်လို့ သိရပါတယ်။
“ဒီခေတ်မှာ အများစုက ရေလမ်းက မသွားကြတော့ပါဘူး။ ဒါပေမယ့် သတိလက်လွတ် ဖြစ်မှာစိုးလို့ပါ။ ဖယ်ခုံအင်းမှာ PDF တွေက ခဏခဏ ကင်းလှည့်တော့ စစ်တပ်က စက်လှေမြင်တာနဲ့ ပစ်နေတယ်။ ပြန်ချင်သပဆိုရင်တော့ ကုန်းလမ်းက ပြန်ကြပါ” လို့ စက်လှေမောင်းသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ဝါဒဖြန့်သူတွေဟာ နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် ဂျာမဏီလမ်းက ပြန်လို့ရပြီလို့ ဖိတ်ခေါ်နေပေမယ့် ဒီရက်ပိုင်းအတွင်း နန်းဖာမူကျေးရွာမှာ တိုက်ပွဲဖြစ်နေတာကြောင့် သွားလာလို့ မရသေးဘူးလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
MK014








