မဲခေါင်၊ ဇွန် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထပ်ဆင့်စစ်ဘေးရှောင်ရသူတွေအတွက် စားဝတ်နေရေးနဲ့ ငွေရေးကြေးရေး အခက်အခဲတွေ့ကြုံနေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဇွန်လ ၂၄ ရက်နေ့ကတည်းက စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့နယ်အရှေ့ဘက် ထီဆုံကျေးရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ရွာခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။



“ဆီဆိုင်အခြေအနေကတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဆီဆိုင်အနောက်ခြမ်း၊ တောင်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း၊ အရှေ့မြောက်ခြမ်းနေရာတွေမှာ ဖြစ်ပွားနေပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်သွားဖို့ရှိပါတယ်” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိမ်းယံက ပြောပါတယ်။
အလားတူ ပင်လောင်းမြို့နယ် တောင်ဘက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ရွာခံအများစုက ညောင်ရွှေမြို့နယ်၊ စံကားမြို့ဘက်ကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်တွေဟာ ဒုတိယအကြိမ်မြောက် တိမ်းရှောင်ကြတာဖြစ်ပြီး အများစုက လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေဖြစ်တာကြောင့် ငွေရေးကြေးရေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
“တစ်ချို့ကတော့ မရှောင်ကြတော့ဘူးပေါ့။ အကြိမ်ကြိမ်ရှောင်ရပြီဆိုတော့ ပိုက်ဆံလည်းမရှိတော့ဘူးလေ။ မြို့ပေါ်တက်လို့လည်း မရသေးဘူး။ ဆောင်းပြောင်းဂိတ်မှာ ပိတ်ထားတယ်။ နန်းဖာမူဘက်မှာ တိုက်ပွဲဖြစ်နေတော့ ဂျာမနီလမ်းဘက်လည်း ထွက်လို့မရ။ ဒါကြောင့် ဖယ်ခုံနဲ့ စံကားဘက်ကို သွားကြတာ” လို့ ပင်လောင်းစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဇွန်လအတွင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှု၊ မြေမြုပ်မှိုင်းတွေကြောင့် ၆ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီသေဆုံးသူတွေထဲမှာ အသက် ၁ နှစ်အရွယ် ကလေး ၁ ဦးနဲ့ သံဃာတော် တစ်ပါးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ဦးနဲ့ ပျောက်ဆုံးနေသူ တစ်ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကျောင်းသား ၂ ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
MK-015








