မဲခေါင်၊ ဇွန် ၂၆
မန္တလေး(အိုးဘို)ဗဟိုအကျဉ်းထောင်မှာ စစ်ကောင်စီလက်ပါးစေအကျဉ်းဝန်ထမ်းတွေက ၀ိုင်းရိုက်လို့ နိုင်ငံရေးအကျဉ်းသား တစ်ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်က ယနေ့ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့၊ မနက် ၇ နာရီမှာ အကျဉ်းထောင်တွင် အခြားအမှုအကျဉ်းသားက ထောင်တွင်းမူးယစ်ဆေးဝါးရောင်းဝယ်မှုကျူးလွန်နေတာကို သက်သေခံနဲ့အတူ လက်ပူးလက်ကြပ်ဖမ်းမိတဲ့ကိစ္စကနေ မူးယစ်ဆေးဝါးမှုကျူးလွန်တဲ့ အကျဉ်းသားက လီဆည်တိုင်တန်းတာကို ထောင်ပိုင်လေး ဇော်ထွန်းရဲ့ခွင့်ပြုချက်နဲ့ ၀ိုင်းရိုက်တာကနေ ဒဏ်ရာရကာ ကယောင်ကတမ်းဖြစ်နေတာကို သေဆုံးကာနီးမှ မန္တလေးဆေးရုံကြီးကိုပို့လို့ ၀ိုင်းရိုက်လို့ရတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးသွားရတာလို့ သိရပါတယ်။
“အိုးဘိုမှာ မိန်းဂျေးကနေ တိုက်ဝန်းထဲအထိ ပေ ၁၀၀ လောက်ရှိတယ်၊ အဲဒါကို ခြေကျဉ်းဒေါက်ခတ်ပြီး ၀ိုင်းရိုက်တာ လေးဘက်တွားသွားရတာကို အပေါ်က တဗြောင်းဗြောင်းနဲ့ရိုက်တာ တင်ပါးနဲ့ကျောပေါ်က အဝတ်တွေစုတ်ပြတ်ပြီး သွေးစိမ်းရှင်ရှင်ထွက်တာ၊ တစ်ခါ တိုက်ထောင်ဝန်းထဲရောက်ရင် ပေ ၁၀၀ လောက် ကိုယ်နေရမယ့် တိုက်အထိ ဒီလိုပဲ ထပ်ရိုက်တာ မေ့သွားရင်ရေလောင်းပြီး မရောက်မချင်းထပ်ရိုက်တာ၊ အိုးဘိုထောင်က ဝန်ထမ်းတွေ အင်မတန်ရက်စက်တာ၊ ခိုင်းသူရော ရိုက်သူရော တာဝန်ရှိသူတွေအားလုံး နောင်တချိန်မှာ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေရစေချင်တယ်၊ အကျဉ်းထောင်စနစ်ကိုလည်း လုံးဝပြောင်းလဲဖို့လိုတယ်”လို့ အိုးဘိုထောင်ထွက် နိုင်ငံရေးအကျဉ်းသား တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ယခုဖြစ်စဉ်မှာ စစ်ကိုင်းတရားရုံးက ပုဒ်မ ၅၂ -ကနဲ့ ထောင်ဒဏ် ၄ နှစ်ချခံထားရတဲ့ ကိုထက်ရန်နိုင် ခေါ် ကိုထက် (ဘ)ဦးအေးကိုဟာ ထောင်အခန်းစာရေးနဲ့ အခြားမှု တစ်ဦး ထောင်တွင်းမူးယစ်ဆေးဝါးရောင်းဝယ်မှုကို လက်ပူးလက်ကြပ်မိလို့ ဝန်ထမ်းတွေကို တိုင်ဖို့ကြိုးစားစဉ်မှာ အခန်းလူကြီးတန်းစီးက မတိုင်ဖို့ညှိပေးတာကြောင့် မတိုင်ဖြစ်တော့ပေမယ့် မူးယစ်မှုကျူးလွန်တဲ့ အခြားမှုသမားက အဆောင်-၃ ဒုအဆောင်မှူး ဒုတပ်ကြပ်ဇေယျာအောင်ကို တိုင်တန်းလို့ တရားလိုက တရားခံဖြစ်ပြီး ထောင်ပိုင်လေး ဇော်ထွန်းရဲ့အမိန့်နဲ့ ၀ိုင်းရိုက်သတ်ခံရတာဖြစ်ကြောင်းသိရပါတယ်။
ကိုထက်ရန်နိုင်က မိမိအပြစ်မရှိကြောင်းပြောတာကို ဝန်ထမ်းကို ကလန်ကဆန်လုပ်တယ်စွပ်စွဲပြီး ဒေါက်၊ ခြေကျဉ်းခတ်ပြီး မိန်းဂျေးလ်ခေါ်ထောင်ဗူးတံခါးဝန်းအတွင်း ခေါ်ဆောင်သွားပြီး အဲဒီကမှတဆင့် ထောင်ပိုင်လေးရဲ့ခွင့်ပြုချက်နဲ့ တပ်ကြပ်ဇေယျာအောင်၊ တပ်သား မိုးမင်းထက်၊ တပ်သားမြတ်မင်းသူ နဲ့အကျဥ်းသားဖိုးကေ အပါအဝင် အခြားအကျဉ်းထောင်ဝန်ထမ်းတွေက ၀ါးဆစ်ပိတ်၊ သံတုတ်၊ ကျဉ်စက်တွေနဲ့ ရိုက်နှက်နှိပ်စက်ခဲ့တာလို့သိရပါတယ်။
“ကိုထက်ရန်နိုင်ဟာ အသက်ဘေးက လွတ်မြောက်ဖို့ အော်ဟစ်အကူအညီတောင်းခံခဲ့ပေမယ့် မြန်မာကရော ကမ္ဘာကပါ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက မကြားနိုင်ခဲ့ပါဘူး၊ အာရုံစိုက်နားစွင့်ခဲ့ခြင်းမရှိခဲ့ပါဘူး၊ မြန်မာကရော နိုင်ငံတကာကပါ ဒီလိုအကျဉ်းထောင်တွေထဲက ကူကယ်ရာမဲ့ အော်ဟစ်အကူအညီတောင်းခံသံတွေကို လူသားချင်းစာနာမှု၊ လူအခွင့်အရေးအဖွဲ့တွေက အာရုံစိုက်နားထောင်ပြီး ကယ်တင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်”လို့ PPNM က ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အရိုက်ခံရတဲ့ ကိုထက်ရန်နိုင်ဟာ အသက်ဘေးက လွတ်မြောက်အောင် အခြားအဆောင်တွေဘက် အကူအညီတောင်းခံအော်ဟစ်ထွက်ပြေးပေမယ့် ကူကယ်ရာမဲ့ မလွတ်မြောက်နိုင်ဘဲ အိပ်ဆောင်-၅ တောင်ယာမှာ ပြင်းထန်စွာအရိုက်ခံရပြီး နှိပ်စက်မှုတွေကြောင့် ဦးခေါင်းနဲ့ကိုယ်မှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီးနောက် သတိလွတ်ကာ ကယောင်ကတမ်းဖြစ်နေတဲ့ ကိုထက်ရန်နိုင်ကို Wheel Chair ပေါ် ကြိုးနဲ့တုတ်တင်ပြီး အကျဉ်းထောင်ဆေးရုံကို ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။
ယင်းနောက် ၄င်းကို ဆေးရုံဝန်းအတွင်းက အရူးတိုက်မှာ ပိတ်လှောင်ထားပြီး နေ့လည် ၁ နာရီလောက်မှ မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ခဲ့ပေမယ့် ကိုထက်ရန်နိုင် ကျဆုံးသွားခဲ့ရပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအရ သေဆုံးသူ ၅၃၃၆ ဦး ရှိခဲ့ပြီး မြန်မာနိုင်ငံက ထောင်ပေါင်း ၄၇ ခုအနက် ၃၈ ထောင်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၆၃၁ဦးရှိနေဆဲလို့ AAPPကဇွန်လ၂၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
MK-012








