မဲခေါင်၊ ဇွန် ၂၅
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေရာ DPLF ဘက်က မြို့ပေါ်အထိ ရောက်နေပြီ လို့ သိရပါတယ်။
ဒီကနေ့ ဇွန် ၂၅ ရက်နေ့ မနက် ၅း၃၀ အချိန်မှစပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) လှုပ်ရှားဒေသတွင်း DPLF၊TNLAမဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နောင်ချိုမြို့ပေါ်ထိ ရောက်ရှိနေပြီလို့ ဆိုပါတယ်။
“မြို့ထဲထိရောက်နေပါပြီ။ မိုးကရွာ လိုင်းကမရနဲ့ သတင်းပို့မရဖြစ်နေတယ်” လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ဥက္ကဌ ဦးထွန်းထွန်းနိုင်က မဲခေါင်သတင်းဌာနကို အတည်ပြု ပြောကြားလာပါတယ်။
တိုက်ပွဲကြောင့် နောင်ချိုဒေသခံတွေအပြင် ကျောက်မဲဒေသခံတွေပါ နောင်ပိန်ဘက်ကို တိမ်းရှောင်နေရတယ်လို့ ယာယီတည်းခိုရေး စီစဥ်ပေးနေတဲ့ နောင်ပိန်လူမှုရေးအသင်းထံက သိရပါတယ်။
နောင်ချိုနဲ့ ဘန့်ဘွေးကြားက ရေဝင်ရွာအနီးမှာ ခရီးသည်တင်ကားတစ်စီးပစ်ခံရလို့ ခရီးသည်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာနဲ့ပါတ်သတ်ပြီး မေးမြန်စုံစမ်းနေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ဝက်ဝံနဲ့ ထင်းရှူးတောလမ်းကနေ ဘန့်ဘွေးကိုကျော်ပြီး ခရီးမသွားဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) လှုပ်ရှားရာ နောင်ချိုဒေသတွင်း စစ်ကောင်စီမှ လက်နက်ကြီး ၊ဒရုန်း (၂)စင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် DPLFမှ ရဲဘော်(၂)ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသေးတယ်။
CJ001








