မဲခေါင်၊ ဇွန် ၁၆
တရုတ်နိုင်ငံ ဖန်ဇူးပြည်နယ်က ဂျူးလောင်တန်ဆန်းနစ်ဧရိယာ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲက ဝက်ဝံအမဲလေးဟာ တိရစ္ဆာန်ရုံပိုင်ရှင်က အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်တွေသာကျွေးထား ကြောင်း သွားရောက်လည်ပတ်သူတွေက သိရှိပြီးသနားခဲ့ကြပါတယ်။
လည်ပတ်သူတစ်ယောက်ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ ဝက်ဝံလေးဟာ ပိန်လှီနေပြီး တစ်ရွေ့ရွေ့သာ လှုပ်ရှားသွားလာ နိုင်တာမြင်ရပြီး သန်မာထွားကြိုင်းတဲ့ ဝက်ဝံလို့တောင် ထင်စရာမရှိတော့ဘူးလို့ တင်ပြလာတာဖြစ်ပါတယ်။
ဗီဒီယိုရိုက်ကူးသူက ဝက်ဝံလေးဟာ အသက် ၁၀ နှစ်အရွယ်ဖြစ်လို့ အိုမင်းပြီးအစားမစားနိုင်တော့တာလို့ထင်တဲ့ အကြောင်း တိရစ္ဆာန်ရုံဝန်ထမ်းကို သွားရောက်မှတ်ချက်ပေးပြောဆိုရာမှာ မဟုတ်မှန်ကြောင်းနဲ့ လည်ပတ်သူ နည်းသထက်နည်းလာလို့ ပိုင်ရှင်က ဝင်ငွေမရှိတော့တဲ့အတွက် အသားမကျွေးနိုင်ဘဲ ပြောင်းဖူးနဲ့ သစ်သီးသစ်ရွက်တွေသာ ကျွေးလို့ ပိန်လှီနေတာဖြစ်ကြောင်း ပြန်ရှင်းပြခဲ့ပါတယ်။
ရိုက်ကူးသူက လူမှုကွန်ရက်ပေါ် ဒီဗီဒီယိုဖိုင်တင်လိုက်ရာမှာ ကမ္ဘာ့သနားစရာအကောင်းဆုံး ဝက်ဝံလို့ မှတ်ချက် ပေးသူကပေး၊ ခွေးပိန်လေးတစ်ကောင် ဆာလောင်နေတာမျိုး မြင်ရတဲ့ ဝမ်းနည်းဖွယ် မြင်ကွင်းလို့ ပြောသူကပြော၊ သဘာ၀အတိုင်းတောရိုင်းတိရစ္ဆာန်ကို တောထဲ ပြန်လွှတ်ပေးသင့်တယ်၊ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုလို့ ဝေဖန်မှု တွေမြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဖန်ဇူးပြည်ပခရီးသွားဖွံ့ဖြိုးရေးစင်တာက တိရစ္ဆာန်ရုံပိုင်ရှင်ကို စုံစမ်းစစ်ဆေး မှုတွေ လုပ်နေကြောင်း၊ နောက် ဒီလိုမဖြစ်စေအောင် သတိပေးခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။
တရုတ်ပြည်က ထင်ရှားတဲ့ နေရာတွေကို ပြည်ပခရီးသွားတွေ နှစ်စဉ် သန်းပေါင်းများစွာ လာရောက်လည်ပတ်ကြ တဲ့အတွက် ထူးဆန်းလှပတဲ့ မြင်ကွင်းတွေကို ဖန်တီးထားပေမယ့် အရင်ရက်ပိုင်းကလည်း နာမည်အကြီးဆုံး ရေတံခွန်ကြီးဟာ ရေပိုက်နဲ့ဆက်သွယ်ပြီး ရေစီးဆင်းစေတဲ့အကြောင်း ပေါက်ကြားသိရှိခဲ့ကြလို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
MKF – 001
Ref:Thesun








