မဲခေါင်၊ ဇွန် ၁၄
ရှမ်းတောင်၊ ပအိုဝ်းဒေသ ထီဗွား(ရေဖြူ)ရွာမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA ပြည်သူ့စစ်တို့ဖမ်းဆီးထားတဲ့ ဒေသခံ၅၉ ဦးဟာ ခုချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးလို့ စိုးရိမ်နေရတယ်လို့ PNLO က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတဲက စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNA ပြည်သူ့စစ်တွေ အဓမ္မဖမ်းဆီးထားခံရတဲ့ ထီဗွာရွာကဒေသခံ ၅၉ ဦးဟာ ယနေ့ ဇွန် ၁၄ ရက်နေ့ အထိ လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
“ဒီလိုမျိုးအစုလိုက် အပြုံလိုက် ဖမ်းဆီးထားတာကို ကျနော်တို့တော်တော်စိုးရိမ်တယ်၊ စစ်ကောင်စီဟာ နေရာတော်တော်များများမှာခုလို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ ပြုလုပ်နေတာဆိုတော့ ခုချိန်ထိ ပြန်မလွှတ်ပေးသေးတာကို တော်တော်စိုးရိမ်နေကြတယ်”လို့PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်ကို ပြောပါတယ်။
ဒီလို လက်နက်အားကိုးနဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ အစုအပြုံလိုက်သတ်ဖြတ်နေတာဟာ စစ်တပ်ရဲ့လုပ်ရပ်မဟုတ်တော့ဘူး၊ အကြမ်းဖက်အဖွဲ့အစည်းလုပ်ရပ်တွေဖြစ်နေလို့ ခု ထီဗွာဒေသခံ တွေကို အစုအပြုံလိုက်သတ်ဖြတ်မှာကို စိုးရိမ်နေတာအပြင် အဖမ်းခံထားရတဲ့ ထီဗွာဒေသခံတွေထဲမှာ အမျိုးသမီးတွေ ထက်ဝက်ကျော်ပါနေတာဖြစ်လို့ အနိုင်ကျင့်စော်ကားခံရမှာတွေ မဖြစ်ဖို့လဲမျှော်လင့်နေရတယ်လို့ ၄င်းကပြောပါတယ်။
အဖမ်းခံထားရသူတွေဟာ အသက် ၄၀ ကျော်အများစုဖြစ်ပြီး လူသားဒိုင်းအဖြစ်အသုံးချဖို့လား ၊ PNLO နဲ့ ဆက်ဆံတယ်ဆိုတဲ့ အကြောင်းမဲ့စွပ်စွဲချက်တွေနဲ့ သတ်ပစ်မှာလားဆိုတာ မသိရသလို ကယ်ဆယ်ဖို့ကလဲ မလွယ်ကူတဲ့အေနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့လက်အောက်ခံ PNA တွေရဲ့လက်ချက်ကြောင့် ဖမ်းဆီးခံရစဉ် သေဆုံးသူ ၂၄ ဦးအထိ ရှိခဲ့တယ်လို့ ဇွန် ၁၂ ရက်နေ့ထုတ်PYO ရဲ့ ရှမ်းတောင်တိုက်ပွဲ အခြေအနေဖော်ပြချက်မှာ ပါရှိထားပါတယ်။
MK-012








