မဲခေါင် ဇွန် ၁၂
လွိုင်ကော်မြို့မှာ ပြည်သူတွေဆီက သိမ်းယူထားတဲ့ပစ္စည်းတွေနဲ့ နေရပ်ပြန် စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ပြန်ပြီးထောက်ပံ့ပေးနေတယ်လို့ တော်လှန်ရေးမြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မေလနောက်ဆုံးအပတ်က နေရပ်ပြန်လာကြတဲ့ စစ်ဘေးရှောင်တွေနဲ့ ၁၁၁၁ စစ်ဆင်ရေးကတည်းက မြို့တွင်းကျန်ရှိနေတဲ့ စစ်တပ်မိသားစုဝင်တွေကို စားဝတ်နေရေး အပါအဝင် တခြားလိုအပ်တဲ့ ပစ္စည်းတွေကိုပါ စစ်ကောင်စီက ထောက်ပံ့ပေးနေတာပါ။
ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ် တစ်ဦးက “သူတို့က အိမ်ဆောက်ပစ္စည်းဆိုင်မှာ တပ်စွဲပြီဆိုရင် ဆိုင်ရှိသမျှကို အကုန်သိမ်းလိုက်ပြီ။ ပြီးရင် သူတို့က နယ်မြေရှင်းလင်းရေး ဘာညာဆိုပြီး အိမ်တွေကို မီးရှို့တယ်။ အိမ်ရှင်တွေ ပြန်ရောက်လာရင် သူတို့ သိမ်းထားတဲ့ ဘိလပ်မြေတွေနဲ့ ပြန်ထောက်ပံ့တယ်။ တံမြက်စီးတွေ လှည်းတယ်။ အဲဒါတွေကို ဓါတ်ပုံရိုက်ပြီး သူတို့ မီဒီယာတွေမှာ ဝါဒဖြန့်တယ်” လို့ ပြောပါတယ်။
စိုက်ပျိုးရေးပစ္စည်းဆိုင်ကနေ သိမ်းယူထားတဲ့ ပစ္စည်းတွေနဲ့ တောင်သူတွေအတွက် ထောက်ပံ့တာ၊ ကုန်စုံဆိုင်ကနေ သိမ်းယူထားတဲ့ ပစ္စည်းတွေနဲ့ ရိက္ခာအတွက် ထောက်ပံ့တာ၊ ဆေးဆိုင်တွေကနေ ဆေးပစ္စည်းတွေ သိမ်းယူပြီး ဝါဒဖြန့်ဖို့အတွက် ဆေးကုပေးတာ၊ ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို ချယ်ရီကုန်းကတဆင့် ရောင်းချပြီး ငွေကြေးထောက်ပံ့ပေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP)တို့ကနေ ထောက်ပံ့တဲ့ ပစ္စည်းတွေကိုလည်း စစ်ကောင်စီကတဆင့် ပြန်လည်ထောက်ပံ့ရာမှာ သူတို့အမည်ခံနေတဲ့အပြင် အဲ့ဒီပစ္စည်းတွေကိုလည်း အမှန်တကယ် လိုအပ်တဲ့နေရာကို ထောက်ပံ့ပေးတာမျိုး မရှိဘူးလို့ လွိုင်ကော်မြို့တွင်း ကျန်ရှိနေသူတစ်ဦးက ပြောပါတယ်။
“WFP က ပေးတဲ့ ဆန်တွေ၊ မိုးကာတွေ ဆိုလို့ရှိရင် အရင်က တောင်စျေးမှာ ဝယ်လို့ရတယ်။ အခုဆိုရင် နမ့်ဘော်ဝမ်စျေးမှာ ရတယ်။ ပြီးတော့ WFP ကပေးတဲ့ အိုးခွက်ပန်းကန်တွေ ဆိုလို့ရှိရင်လည်း ဟိုရပ်ကွက်က ရတယ်၊ ဒီရပ်ကွက်က မရဘူး။ ၃ ထပ်တိုက်ပိုင်ရှင် သူဌေးတွေလည်းရတယ်။ တကယ့်လိုအပ်တဲ့ လွိုင်ကော်မြို့နယ်ထဲက ရွာတွေနဲ့ ဒီးမော့ဆို၊ ဖရူဆိုဘက်တွေဆို မရဘူး”
စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနတို့က နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် အပြန်ကားစီစဥ်ပေးတာ၊ လမ်းစရိတ်ပံ့ပိုးပေးတာတွေ ရှိနေပေမယ့် အယောက်စေ့မရရှိသလို ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တွေကသာ ရရှိကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၁၁၁၁ စစ်ဆင်ရေးအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီဘက်က ထောက်ပံ့ပေးမယ်လို့ ပြောဆိုထားတဲ့အပြင် တောင်စျေး (သီရိမင်္ဂလာစျေး) ကိုလည်း ပြန်လည်ဆောက်လုပ်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားထားပေမယ့် ဒီနေ့ ဇွန် ၁၂ ရက် အထိ အကောင်အထည်ဖော်လာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
MK014








