မဲခေါင် ဇွန် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စု၊ လုမြန်ရွာဘက် ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးလာကြဲချလို့ ဘုရားကျောင်း ထိခိုက် ပျက်စီးသွားကြောင်း ဒေသခံတွေနဲ့ KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဝိုင်းမော်မြို့နယ် ခါနန်အသင်းတော် လုမြန်ရွာဘက် မနေ့က ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးလာကြဲချလို့ ဘုရားကျောင်း ပျက်စီးသွားတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လူ အထိအခိုက် မရှိပေမယ့် ဘုရားကျောင်းဆောင် အပြင် ဘုရားကျောင်းရဲ့ ရုံးခန်း၊ ဆေးခန်းတွေပါ ထိခိုကိပျက်စီးသွားတယ်လို့ ပြောပါတယ်။


စစ်ကောင်စီဘက်က ဒရုန်းတွေ အပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်ကနေ လက်နက်ကြီးတွေ ဝိုင်းမော်ဘက် အဆက်မပြတ် ပစ်ထည့် သံတွေကြားနေရတယ်လို့ဆိုပါတယ်။
“မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်ကနေ ပစ်တာ ဝိုင်းမော်ဘက် ပစ်ရင်း ပစ်ရင်း သူတို့ စစ်ကောင်စီ ၅၈ တပ်စခန်းဘက်လည်း ကျရောက်လို့ အဲဒီ ၅၈ တပ်စခန်းထဲမှာရှိနေတဲ့ သူတို့ စစ်ကောင်စီအချင်းချင်း ထိသွားတယ်။ ဘယ်နှစ်ယောက်လဲ တော့မသိဘူး။” လို့ KIA နဲ့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်ကနေ ပစ် လိုက်တဲ့ လက်နက်ကြီး ကျည် ထိမှန်လို့ သေဆုံးသွားတဲ့ စစ်ကောင်စီ ၅၈ တပ်စခန်းက စစ်ကောင်စီတွေကို လူနာတင်ယာဉ်တွေနဲ့ သယ်နေကြတာ မြင်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယမန်နေ့က ဝိုင်းမော် အဝင် ခါးရှီရွာဘက်လည်း စစ်ကောင်စီနဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်နေပြီး မြစ်ကြီးနား စစ်ကောင်စီစခန်းဘက်က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစ ဝိုင်းမော်မြို့နယ် အတွင်း စစ်ကောင်စီနဲ့ KIA ပူးပေါင်း တော်လှန်ရေး အဖွဲ့တို့အကြား နောက်တကျော့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတာ ဖြစ်ပါတယ်။
CJ-008
Photo Crd# ဒေသခံ









