မဲခေါင်၊ ဇွန် ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ တာချီလိတ်က ရွှေဆိုင်တွေမှာ စစ်ကောင်စီဖွင့် ရွှေဈေးတန်းနဲ့ ရွှေဆိုင်အဝယ်သာပြုလုပ်နေပြီး အရောင်းဈေးကွက် အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရန်ကုန်ရွှေအသင်းက ဖွင့်ပေးတဲ့ စျေးတန်းအတိုင်း ရွှေစျေးဖွင့်ပေးထားမယ့် ရွှေဆိုင်တွေမှာ ဆိုင်ကပြန်ဝယ်မှုသာရှိပြီး ရွှေဝယ်သူနည်းပါးနေတာကြောင်း အရောင်းဈေးကွက်ကျဆင်းနေ ပြီး အမြတ်ကျန်မယ့် အလျော့တွက်လက်ခ ဈေးတင်ရောင်းချနေရတာ ဖြစ်ပါတယ်။
“အပြင်စျေးနဲ့ တအားကွာနေတာ၊ မရောင်းပြန်ရင်လဲ ပြဿနာဆိုတော့ ဒင်္ဂါး ၁ ပဲ ၂ ပဲ အထည်လေးတွေ ဖွင့်တဲ့စျေးနဲ့ရောင်းပေးတယ်၊ ဝယ်တာကတော့ ဖွင့်တဲ့စျေးနဲ့ရောင်းပေးရင်ဝယ်ပါတယ်”လို့ တာချီလိတ်ရွှေဆိုင် တစ်ဆိုင်ရဲ့မိသားစုဝင် ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရန်ကုန်ရွှေအသင်းက ဖွင့်တဲ့စျေးအတိုင်း ရွှေဆိုင်တွေက ရောင်းချတဲ့နေရာမှာ အထည်ကြီး အတုံး၊ ဖြတ်စတွေကို ရောင်းချတာမရှိဘဲ။ အလျော့တွက် လက်ခရတဲ့ ၁၅ ပဲရည် အထည်သေးတွေပဲ ရောင်းပေးနေကြတာဖြစ်ပြီး မို(ပုံစံ)နဲ့ရိုက်တဲ့ ဘယ်အထည်မှလဲ ရောင်းတာမရှိတော့ဘူးလို့သိရပါတယ်။
အလျော့တွက် လက်ခကို အဆမတန်တွက်ချက်ထားလို့ ၁၆ ပဲရည် ၃ ပဲလက်စွပ်တစ်ကွင်းကို အလျာ့တွက် ၂ ပဲ ၂ ရွေးနဲ့ ဝယ်ရတာတွေရှိတယ်လို့လဲ သိရပါတယ်။
“ရွှေစျေးကွက်က ပြိုသွားပြီ၊ အဖမ်းခံရသူတွေ၊ ထွက်ပြေးနေရတာ၊ စောင့်ကြည့်ခံနေရတာ၊ အရှုံးခံရောင်းလို့လဲ မဖြစ်ကြတော့ အလုပ်ဖြစ်ပြတဲ့အနေနဲ့ ၁ ပဲစ ၂ ပဲစ လေးတွေ ပဲရောင်းပေးကြတော့တာ၊ ရွှေစျေးကလဲ စုံစမ်းစစ်ဆေးရေးဦးစီးဌာန “စ”သုံးလုံးက ဖွင့်ပေးနေတာ။ ဒီအတိုင်းဆို ရွှေစျေးငြိမ်တဲ့ ထိုင်းတို့ အိန္ဒိယတို့ဆီ ထွက်ကုန်ကြလိမ့်မယ်”လို့ ရွှေကုန်သည် တစ်ဦးက ပြောပါတယ်။
ကျိုင်းတုံက နှင်းဆီရွှေဆိုင်ကတော့ နောက်ထပ် ဓားပြတိုက်ခံရမှာ ကြောက်တယ်လို့ အကြောင်းပြပြီး ပိတ်ထားသလို မြို့မစျေးထဲက ရွှေဆိုင်တွေလဲ ပိတ်ထားလို့ ရွှေရောင်းချင်တာ မရောင်းရဘူးလို့ ကျိုင်းတုံစျေးနားနေသူ တစ်ဦးထံက သိရပါတယ်။
တာချီလိတ်က ရွှေဆိုင်အများစုလည်း ပိတ်ထားနေပြီး ခဏတစ်ဖြုတ်သာဖွင့်တာမျိုး လုပ်နေပြီး အရောင်းအဝယ်မရှိဖြစ်နေလို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကူးပြီးပဲ အထည် အနည်းအကျဉ်း ဝယ်ရောင်းနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီလောက်ရွှေစျေးတက်နေတာတောင်မှ ၂၇ သိန်းနဲဝယ်ထားတော ပြန်ရောင်းတော့ ရှုံးနေသေးတယ်၊ ဆိုင်တွေပဲ ရောင်းမြတ်၊ ဝယ်မြတ်ဖြစ်ပြီး ရိုးရိုးပြည်သူတွေကတော့ ဝယ်ရှုံး၊ ရောင်းရှုံးပါပဲ”လို့ တာချီလိတ်ဒေသခံ ၁ ဦးက ပြောပါတယ်။
ရှမ်းအရှေ့ရွှေဆိုင်အများစုကတော့ ပြည်မက ရွှေဆိုင်တွေလိုပဲ အဖွင့်စျေးတန်းသာထားပြီး အရောင်း/အဝယ် မဖြစ်စလောက်သာလုပ်နေကြတာလို့ သိရပါတယ်။
ထိုင်းရွှေ ၁ ဘတ်သားကို ၁၅.၆၂ ဂရမ် ရှိပြီး မြန်မာရွှေ ၁ ကျပ်သားကို ၁၆.၃၃၃ ဂရမ်ရှိတယ်လို့ သိရပြီး အမှန်တစ်ကယ် ရွှေရောင်းဝယ်ချင်သူများအနေနဲ့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကို သွားပြီး ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။
MK-012








