မဲခေါင် ဇွန် ၁၀
ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ (PNFC)က ဖွင့်လှစ်တဲ့ ကြားကာလ အခြေခံပညာအခမဲ့ အွန်လိုင်းစာသင်ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတဲ့အတွက် ရန်ပုံငွေ အခက်အခဲကြုံနေရတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကထက် ကျောင်းသားဦးရေတိုးလာတဲ့ နောက်ဆက်တွဲအနေနဲ့ ဝန်ထမ်းဦးရေပါ တိုးခန့်ထားရတာကြောင့် ထောက်ပံ့ကြေးပေးဖို့အတွက် လိုအပ်နေတာလို့ ဆိုပါတယ်။
ကျောင်းတာဝန်ခံတစ်ဦးက “အခမဲ့စာသင်ကျောင်းဆိုတော့ ကျောင်းသားတွေပေါ်မှာ PNFC က လုံးဝ dataကြေး၊ စာရွက်စာတမ်းကြေး၊ အလှူငွေ၊ ကျောင်းလခ ကောက်ခံတာတွေ မရှိဘူး၊ ဒါပေမဲ့ PNFC က လာသင်ပေးတဲ့ Volunteer (စေတနာ့ဝန်ထမ်း) ဆရာတွေကိုကျတော့ dataထောက်ပံ့ကြေး ပြန်ပေးတယ်၊ ဆရာမတစ်ဦးဆီကတော့ အများကြီးမရပေမယ့် ဆရာတွေ၊ ဝန်ထမ်းများတဲ့ခါကျတော့ ပြန်ပေးရတဲ့ amount ကများတယ်၊ ဒီ Fund နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုရှိတယ်” လို့ ပြောပါတယ်။
အရင်နှစ်တွေက ဆရာတစ်ဦးကို တစ်နာရီ ၂၅၀၀ ကျပ် ထောက်ပံ့ပေးနိုင်ခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ လက်ရှိကုန်စျေးနှုန်းအရ တစ်နာရီ ၃၀၀၀ ကျပ်နဲ့ ဆရာကန်တော့ကြေး ၃၀၀၀၀ ကျပ်ကိုပါ တိုးမြှင့်ပေးထားတာကြောင့် ရန်ပုံငွေအတွက် စိန်ခေါ်မှုတွေကြုံနေရတာပါ။
ဆရာအင်အားအနေနဲ့ ပြီးခဲ့တဲ့ စာသင်နှစ်တွေက အယောက် ၃၀ ဝန်းကျင် ခန့်ထားနိုင်ခဲ့ပြီး ဒီနှစ်ထဲမှာတော့ ဆရာ ၁၀ ဦးနဲ့ ရုံးဝန်ထမ်းအပါအဝင် အယောက် ၅၀ လောက် ရှိကြတယ်လို့ ဆိုပါတယ်။
“ကျောင်းက PNFC က ဦးဆောင် ကမကထ လုပ်ပြီးဖွင့်ထားတဲ့ ကျောင်းဆိုတော့၊ PNFC ကပဲ Fund ရတာပေါ့နော်၊ PNFC ရဲ့ ပညာရေးဌာန (Pa-oh Education Committee) တစ်ခုအနေနဲ့ စီစဥ်ပေးတယ်။ အဲ့ဒီဌာနကနေပြီးတော့ ပညာရေးကို ထောက်ပံ့ရတာဆိုတော့ Fund ကတော့ ခက်ခဲတာပေါ့” လို့ ကျောင်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။
ကျောင်းစဖွင့်တဲ့ချိန် ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Zoom အကောင့် ထောက်ပံ့ပေးထားပြီး ငွေကျပ် ၅ သိန်းလည်း လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄-၂၀၂၅ စာသင်နှစ်အတွင်း PNFC ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်းစာသင်ကျောင်းမှာ ကျောင်းအပ်တဲ့ ကျောင်းသားဦးရေ ၃၅၀ ကျော်ရှိပြီး လတ်တလောမှာတော့ ၁၉၄ ဦးက တက်ရောက်သင်ကြားနေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
MK-015








