မဲခေါင် ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ စံကားမြို့အနီး မှော်ဘီအဝိုင်းပတ် စစ်ဆေးရေးဂိတ်မှာ လိုင်စင်ရှိကားတွေကို စစ်ကောင်စီတပ်က မေလ ၂၇ ရက်နေ့ကစပြီး ဖမ်းဆီးငွေတောင်းခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
ကားတစ်စီးကို ပစ္စည်းပါတဲ့ပေါ် မူတည်ပြီး ၅ သိန်းကနေ ၁၀ သိန်းအထိ တောင်းခံနေတဲ့အပြင် ငွေကြေးမပေးနိုင်တဲ့ ကားတွေကိုလည်း သိမ်းဆည်းကာ ထီရီးရဲစခန်းမှာ ဒဏ်ကြေးနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက “သူတို့ အရင်တစ်ပတ်ကတည်းက လုပ်နေတာ အခုထိပဲ။ တစ်စီးကို ၅ သိန်းတောင်းတာ။ မပေးနိုင်ရင်တော့ ထီရီးရဲစခန်းမှာ ၇ သိန်းနဲ့ ရွေးရတယ်။ ဌာနဆိုင်ရာနဲ့ စစ်တပ်နဲ့ သိတဲ့သူတွေကလွဲရင် တစ်စီးမှ မလွတ်ဘူး” လို့ ပြောပါတယ်။
တစ်ချို့ရက်တွေမှာ ကားတွေအပြင် ဆိုင်ကယ်တွေကိုပါ ငွေကျပ်သောင်းဂဏာန်းအထိ တောင်းခံနေပြီး ၂ မျဥ်းစောင်း မှတ်ပုံတင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာ၊ အကြောင်းပြချက်မျိုးစုံနဲ့ ငွေတောင်းခံတာတွေ ပြုလုပ်တာ၊ မသင်္ကာတဲ့သူတွေကို ရိုက်နှက်တာ စတဲ့လုပ်ရက်တွေလည်း ကျူးလွန်နေတယ်လို့ သိရပါတယ်။
အလားတူ ညောင်ရွှေမြို့နယ်၊ စံကားမြို့ရှိ စက်လှေဆိပ်မှာလည်း ဇွန်လ ၃ ရက်နေ့က စျေးပတ်သွားတဲ့ စက်လှေတွေကို စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNA ပူးပေါင်းတပ်တွေက ဖမ်းဆီးပြီး တစ်စီးကို ငွေကျပ် ၅ သိန်းနှုန်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဆိုပါတယ်။
စျေးသည်တစ်ဦးက “မမိုးမိုး၊ ကိုသန်းထွန်း၊ ကိုငဲ သူတို့စက်လှေတွေက ပေးရတာ။ ဒါတော့ မှတ်မိသလောက်ပေါ့နော်။ တခြားသူတွေတော့ အများကြီးပါတယ်။ မမှတ်မိတော့ဘူး။ ဒီနေ့လည်း တောင်းနေတယ်။ ဘယ်လောက်လဲတော့ မမေးကြည့်ရသေးဘူး” လို့ ပြောပါတယ်။
ဧပြီလ ၂၃ ရက်နေ့တုန်းကလည်း စံကားမြို့ကို ဘုရားဖူးသွားတဲ့ တောင်ကြီးမြို့ခံလူငယ် ၇ ဦးကို မှော်ဘီအဝိုင်းပတ် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေက တော်လှန်ရေးနဲ့ ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ် မရသေးပါဘူး။
စစ်ကောင်စီတပ်ဟာ လွိုင်ကော်ြမို့ခံ စစ်ဘေးရှောင်တွေကို နေရပ်ပြန်နိုင်ဖို့အတွက် အစစအရာရာ ကူညီထောက်ပံ့ပေးနေပေမယ့် ပြန်မယ့်လမ်းကြောတစ်လျှောက်မှာ အခုလို မတန်တဆ ငွေကြေးတောင်းခံမှုတွေ ကြုံနေရတာကြောင့် စစ်ကောင်စီအပေါ် စကားရှေ့/နောက် မညီဘူးလို့ နေရပ်ပြန်စစ်ဘေးရှောင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။
MK014








