မဲခေါင်၊ ဇွန် ၆
တောင်ကြီးမြို့မှာ မနေ့ ဇွန် ၅ နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားဖြူ၊ ညောင်ဖြူစခန်း၊ City Square အရှေ့ဘက်စျေးတို့မှာ ရေကြီးရေလျှံမှု ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလိုရေကြီးရေလျှံမှုကြောင့် လမ်းသွားလမ်းလာပြည်သူတွေနဲ့ စျေးသည်တွေဟာ အချိန်နဲ့ငွေကြေး နစ်နာဆုံးရှုံးမှုတွေကြုံနေရပြီး လမ်းမြေမျက်နှာပြင်ထက်နိမ့်တဲ့ နေအိမ်တွေဟာ အောက်ထပ်ရေမြုပ်မှာကို စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
ညောင်ဖြူစခန်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက “မနေ့ညအခြေအနေ ဓာတ်ပုံရိုက်ရင် လူပါ ကျီးဖြူကန် ရောက်လောက်တယ်။ တောင်ကြီးအနောက်မြို့ပတ်လမ်း အောက်ရေထွက်က တံတားပြင်နေလို့ ရေက ပိုလျှံသွားတာ။ တချို့အိမ်တွေတော့ မြုပ်ကုန်ပြီ” လို့ ပြောပါတယ်။
၂၀၁၅-၂၀၂၀ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်က တောင်ကြီးမြို့မှာ လမ်းဟောင်းတွေကို ဖြိုချတာမျိုးမရှိဘဲ လမ်းဟောင်းပေါ်မှာ ကွန်ကရစ်လမ်းသစ် ထပ်ခင်းလိုက်တာကြောင့် လမ်းဟာ အိမ်တွေထက်မြင့်သွားပြီး နှစ်စဥ်မိုးသည်းထန်စွာရွာသွန်းတိုင်း ရေကြီးရေလျှံမှုတွေ ကြုံနေရတယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။
အလားတူ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းနဲ့ ရေမြောင်းတွေ ရေလျှံမှုဖြစ်နေပြီး ကုန်းနိမ့်ပိုင်းမှာ တဲထိုးနေထိုင်ရတဲ့ စစ်ရှောင်စခန်းတွေမှာ ရေဝင်တဲ့အန္တရာယ်တွေ ကြုံနေရတယ်လို့ သိရပါတယ်။
ရွာခံတစ်ဦးက “ဒါကတော့ နှစ်တိုင်းလိုလို ကြုံနေရတာပါပဲ။ ပျက်စီးမှူကလည်း နှစ်တိုင်းရှိတယ်။ အဆန်းတော့ မဟုတ်ပါဘူး။ မိုးကမရပ်တော့ ဆည်တွေလျှံပြီး ချောင်းထဲကန်ထဲတွေ ရောက်ကုန်တာပေါ့။ ရေမြင့်တက်လာလို့ တချို့အိမ်အောက်ထပ်မြုပ်ကုန်ပြီ” လို့ ပြောပါတယ်။
တောင်ကြီးမြို့နဲ့ ဖယ်ခုံမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် အဖိုးတန်ပစ္စည်းတွေ ရေထဲမျှောပါတာ၊ အိမ်အောက်ထပ် ရေဝင်ပြီး ပျက်စီးတာ၊ တချို့စစ်ရှောင်တဲတွေ ရေထဲမျှောပါ ပျက်စီးတာတွေ ကြုံနေရပြီး ငွေကြေးမြောက်မြားစွာ နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနဲ့ ရွှေညောင်မြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ကြုံနေရပြီး ပျက်စီးဆုံးရှုံးမှုကိုတော့ မဲခေါင်သတင်းအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MK-015








