မဲခေါင်၊ ဇွန် ၃
ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်စာသင်ကျောင်းတွေမှာ အရင်နှစ်ထက် ၂၀၂၄ ခုနှစ် ယခုစာသင်နှစ်အတွင်း ကျောင်းအပ်နှံသူ အယောက် ၇၀၀ ကျော် တိုးလာတဲ့အတွက် အလှူရှင်တွေလိုအပ်နေတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးနေတဲ့သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့စာသင်နှစ်က ကျောင်းသား ၃၃၉၃ ဦးသာ ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၄၀၉၃ ဦး အထိ ရှိလာတဲ့အတွက် သင်၊ ထောက်ကူပစ္စည်းနဲ့ အဆောက်အဦတွေ လိုအပ်နေတာပါ။
သင်၊ ထောက်၊ ကူ ပစ္စည်းတွေနဲ့ စာသင်ဆောင် အဆောက်အဦတွေက ဝှိုက်ဘုတ် တစ်ချပ်အတွက် ကုန်ကျငွေ ၅ သောင်းကျပ်၊ မိုးကာ ၂၀ ပေ ၇ သောင်းခွဲကျပ်၊ မိုးကာလိပ် ၁ သိန်း ၇ သောင်းကျပ်၊ ဝါးလုံးတစ်လုံး ၅ ထောင်ကျပ်နဲ့ စာရေးကိရိယာတွေအတွက် ပမာဏနည်းများမဆို ပါဝင်လှုဒါန်းနိုင်ဖို့ ဒေသတွင်း ပညာရေးကူညီဆောင်ရွက်နေတဲ့သူတွေက အကူအညီတောင်းဆိုနေတာ ဖြစ်ပါတယ်။
Karenni Support Team (KNST) ရဲ့ တာဝန်ခံ ယိမ်းနောင်က “ကလေးတွေက သူတို့ကိုဘာပေးပေး Thank You ဆိုပြီး ပြုံးပြုံးလေးနဲ့ ပြန်ပြောတတ်တယ်။ သူတို့က မိသားစုလည်း များ၊ စားဝတ်နေရေးလည်း အဆင်မပြေကြလို့ ပညာရေးဘက်ဆို သိပ်ပြီး မပံ့ပိုးပေးနိုင်ဘူး။ Target က သိန်း ၃၀၀ ကျော်ဆိုပေမဲ့ အခုက သိန်း ၇၀ ကျော်ပဲ လိုတော့တာပေါ့နော်။ ဒါကြောင့် အလှူရှင်တွေ ပါဝင်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းကာလနောက်ပိုင်းမှာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဒေသခံတွေဟာ စစ်ဘေးရှောင်ခဲ့ရပြီး တိုက်ပွဲအနည်းငယ်ငြိမ်သက်ပြီးတဲ့နောက် ၃ နှစ်ကျော် ကြာတဲ့အချိန်မှာတော့ နေရပ်ပြန်လာကြတာကြောင့် အခုလိုကျောင်းသားဦးရေတွေ တိုးလာတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စာသင်ကျောင်း ၂၉ ကျောင်းရှိပြီး အထက်တန်း ၄ ကျောင်း၊ အလယ်တန်း ၁၈ ကျောင်း၊ မူလတန်း ၇ ကျောင်း ပါဝင်ကြတယ်လို့ သိရပါတယ်။
အဲ့ဒီကျောင်းတွေမှာ တစ်ကျောင်းကို ပျမ်းမျှ ဆရာအင်အား ၁၃ ဦး ဝန်းကျင်ခန့်ရှိပြီး CDM ဆရာတွေနဲ့ စေတနာ့ဝန်ထမ်း (Volunteer) တွေက သင်ကြားပေးနေတာကြောင့် သူတို့အတွက် ထောက်ပံ့ကြေး ပေးအပ်ဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
“သူတို့ကို လစာတော့မဟုတ်ဘူး။ ထောက်ပံ့ကြေးတော့ ပေးရတာပေါ့။ ရွာမှာ အိမ်ထောင်စု တစ်ထောင်ဆို တစ်ထောင်၊ နှစ်ထောင်ဆို နှစ်ထောင်၊ တစ်လတစ်ခါ ပေးကြတယ်။ ရတဲ့ပေါ်မူတည်ပြီး ဆရာ၊ ဆရာမတွေ အရေအတွက်နဲ့ ပြန်ခွဲကြတာပေါ့” လို့ KNST ရဲ့ တာဝန်ခံ ယိမ်းနောင်က ဆက်ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေသူတွေနဲ့ ထပ်ဆင့်စစ်ဘေးရှောင်ရသူ အရေအတွက် စုစုပေါင်း ၂ သောင်းကျော်အထိရှိပြီး ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေ ၅၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။
MK-014








