မဲခေါင်၊ ဇွန် ၃
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ၊ ထမ်းယမ်းတိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNA က မနေ့ ဇွန်လ ၂ ရက်နေ့မှာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ဒေသအရင်းအမြစ်တွေဆီက သိရပါတယ်။
ထမ်းယမ်းတိုင်ရွာသားတွေကို ရိုက်နှက်နှိပ်စက်တဲ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းဥစ္စာတွေကိုလည်း အတင်းအဓ္ဓမ ယူဆောင်သွားကာ ရွာထဲမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဒေသခံနဲ့ နီးစပ်သူတစ်ဦးက “ဒါကတော့ မနေ့က ဖြစ်တာပေါ့နော်၊ သူတို့က စစ်ကြောင်းထိုးလာပြီးတော့ အိမ်တွေဝင်တယ်၊ လူတွေကိုရိုက်တယ်၊ နှိပ်စက်တယ်။ လူမရှိတဲ့အိမ်တွေဆို အဖိုးတန်ပစ္စည်းတွေ ယူတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ထမ်းယမ်းတိုင်ရွာထဲ တပ်စွဲထားပြီး မနေ့ မနက် ၈ နာရီကတည်းက ညနေ ၃ နာရီဝန်းကျင်အထိ တောတောင်တွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။
“တောင်ယာတွေဘက်ကို လက်နက်ကြီး ရမ်းပစ်တယ်။ ပစ်လိုက်၊ ရပ်လိုက်၊ တနေကုန်ပဲ။ လူထုကို စိတ်ဆင်းရဲအောင် တမင်သက်သက် အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေပေါ့” လို့ ဒေသခံနဲ့ နီးစပ်သူတစ်ဦးက ဆက်ပြောပြပါတယ်။
ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့တုန်းကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ပန်ရန်းရွာနဲ့ ထမ်းယမ်းတိုင်ရွာက ပြည်သူ ၁၀၀၀ ဝန်းကျင်ဟာ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆီဆိုင်တိုက်ပွဲစတင်တဲ့ ဇန်နဝါရီလ ၂၁ ကနေ မေလ ၁၈ ရက်နေ့အထိ ပအိုဝ်းဒေသတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မှိုင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သားသေဆုံး သူ ၇၅ ဦးထိရှိပြီး ၉၉ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးပေါင်း ၇၀၀ နီးပါးခန့် မီးလောင်ပြာကျပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MK-015








