မဲခေါင်၊ ဇွန် ၃
ရှမ်းတောင်၊ ကလောမြို့နဲ့ အောင်ပန်းမြို့ကြား ၆ မိုင်အတွင်းမှာရှိတဲ့ ဆိုင်ခန်းပေါင်း ၃၀ ကျော်ကို ဇွန်လ ၅ ရက် နောက်ဆုံးထားပြီး ဖျက်ရမယ်လို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းက အမိန့်ထုတ်ထားတဲ့အတွက် ဆိုင်ရှင်တွေ အမြန်ဖျက်နေရတဲ့အတွက် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
လမ်းကို တဖြောင့်တည်းပြန်လည်ဖောက်လုပ်ဖို့အတွက်ဆိုပြီး လမ်းဧရိယာ ပေ ၁၅၀ အတွင်းရှိတဲ့ ဆိုင်တွေကို ဖျက်ခိုင်းနေတာ ဖြစ်လို့ ယနေ့ဇွန် ၃ ရက်အထိ ၆ ဆိုင်ဖျက်ပြီးပြီလို့ သိရပါတယ်။
“ကိုယ်တိုင်ဖျက်ပြီးရွှေ့မှ ကိုယ့်ပစ္စည်းလေးတွေ အပျက်အစီးနည်းနည်းနဲ့ ပြန်ရတာလေ၊ သူတို့စက်နဲ့ထိုးမှဆိုရင် အားလုံးပျက်စီးကုန်မှာ။ ဒီခေတ်မှာ ပြန်ပြောရင် ဒုက္ခရောက်ကြမှာကို ကြောက်လို့ ဘယ်သူကမှ ပြန်မပြောရဲကြဘူး။ အနေပျက်၊ အစားပျက် လူထုဒုက္ခရောက်ဖို့ပဲ လုပ်နေကြတော့တာ။ အဒေါ်တို့ကတော့ မေတ္တာပဲပို့ပါတယ်။ မောင်မင်းကြီးသားတွေ ကျန်းမာချမ်းသာကြပါစေပေါ့၊ မေတ္တာစူးကြမှာပါ”လို့ ဆိုင်ဖျက်ရတဲ့ဆိုင်ပိုင်ရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဖျက်ရတဲ့ ဆိုင်တွေဟာ DENKO ဆီပန့်ဆိုင် စျေးနှုန်းဆိုင်းဘုတ်ကအစ ရှုခင်းသာဟော်တယ်မျက်နှာစာ၊ ထမင်းဆိုင်၊ ကားဝပ်ရှော့၊ လေထိုးကျွတ်ဖာ၊ ကားအလှဆင်ဆိုင်၊ ဒေသထွက်ကုန်အရောင်းဆိုင်၊ အုတ်ရိုက်စက် စတာတွေဖြစ်ကြပြီး အားလုံး ၃၅ ခု ရှိတယ်လို့ သိရပါတယ်။
ဆိုင်တွေ၊ လုပ်ငန်းတွေဟာ အဲဒီနေရာမှာ ဆယ်စုနှစ်ကျော် ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၇ ၊ ၂၈ ရက်တွေမှာ ဌာနစုံကလာရောက်ကြည့်ရှုစစ်ဆေးပြီးနောက် ဇွန် ၅ ရက် နောက်ဆုံးထားဖျက်ဖို့ အမိန့်ထုတ်သွားတာလို့ သိရပါတယ်။
“ဘေးဘက်က လယ်ယာမြေတွေဆို ငွေရှိပြီး ပိုင်တဲ့သူတွေကတော့ ခြံစည်းရိုးတွေခတ်၊ တိုက်တွေဆောက်နဲ့ ငွေမရှိသူတွေအတွက်တော့ ဘာမှ မတတ်နိုင်ဘူး။ ဒီမှာ ၁၀ နှစ်ကျော် လုပ်စားပြီး ကလေးတွေ ကျောင်းထားပေးနေရတာ”လို့ ဆိုင်ဖျက်ရမယ့် ဒေသခံတစ်ဦးက ပြောပါတယ်။
လမ်းဘေး ပေ ၄၀ ပေ ၆၀ တစ်နေရာကို လက်ရှိမှာ ကျပ်သိန်း ထောင်ချီပေါက်နေတာဖြစ်ပြီး အညံ့ဆုံးမြေနေရာတောင် ကျပ်သိန်း ၅၀၀ အထက်ဖြစ်နေလို့ ဆိုင်ရှင်တွေဟာ အခြားနေရာမှာပြန်လည်လုပ်ငန်းစဖို့ မလွယ်ကူတဲ့ ဘဝအခက်အခဲတွေ ဖြစ်နေကြပြီလို့ ပြောကြပါတယ်။
ယင်းနေရာဟာ အောင်ပန်းက ကလောအထွက် လမ်းကွေ့ဖြစ်နေတကြောင့် ယာဉ်အန္တရာယ်မကြာခဏ ဖြစ်လေ့ရှိတာဖြစ်လို့ လမ်းအကျယ် ပေ ၁၅၀ အတိုင်း လမ်းဖြောင့် ပြန်လည်ဖောက်ဖို့ လမ်းဧရိယာအတွင်းနဲ့ မလွတ်တာတွေကို အမိန့်နဲ့ အမြန်ဖျက်ခိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
MK-012








