မဲခေါင်၊ မေ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ တောင်ခြေကျေးရွာအုပ်စုမှာ မေလနောက်ဆုံးပတ်အတွင်း စစ်မှုထမ်းအသုံးစရိတ်အတွက် အုပ်ချုပ်ရေးမှူးနဲ့ ရွာသူကြီးတွေက ငွေကြေးကောက်ခံနေတယ်လို့ ရွာခံတွေက သတင်းပေးပို့လာပါတယ်။
မေလ ၂၇ ရက်နေ့က တောင်ခြေကျေးရွာအုပ်စု၊ မြသိန်းတန် ကျေးရွာ၊ မြသိန်းတန်ဘုန်းကြီးကျောင်းမှာ အင်းလေးကန်အရှေ့ဘက်တစ်ကြောရှိ ကျေးရွာတွေ အစည်းအဝေးပြုလုပ်ပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အိမ်ထောင်စုတိုင်း လစဉ် ၄ သောင်းကျပ် ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။
မြသိန်းတန်ရွာခံ အမျိုးသမီးတစ်ဦးက “မိုးရာသီအလုပ်က ရှားပါးတဲ့ကြားထဲ စားဝတ်နေရေးက ခက်ခဲနေတာ။ သိတဲ့အတိုင်း စိုက်ပျိုးလို့ကမဖြစ်၊ မြေဩဇာတွေက ဈေးကြီး၊ ၄ သောင်းဆိုတာက မြို့မှာ ဘာမှမဟုတ်ပေမယ့် ရွာမှာဆိုရင် လဝက်လောက်စားလို့ရပါတယ်” လို့ ပြောပါတယ်။
တောင်ခြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်နဲ့ ဆယ်အိမ်မှူး ဦးစိုးမြင့်တို့က ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း ကောက်ခံနေပြီး မေလမကုန်ခင် မနက်ဖြန်(ဇွန် ၁) နောက်ဆုံးထား ထည့်ဝင်ရမယ်လို့ ရွာခံတွေဆီက သိရပါတယ်။
မြသိန်းတန်ရွာခံ တစ်ဦးက “သူက လတိုင်းထည့်ရမယ်ဆိုတော့ စားဝတ်နေရေးကြပ်တည်းလာမယ့် သဘောရှိတာပေါ့။ သူများရွာတွေဆို စစ်မှုထမ်းစရိတ်ကောက်ကောက်၊ လူစားထိုးစရိတ်ကောက်ကောက် တခါပဲကောက်တယ်။ အုပ်ကြီးက လတိုင်းကောက်မယ်ဆိုတော့ ကြည့်ရတာတော့ ပေါင်းစားမယ့်သဘော ထင်တယ်” လို့ ပြောပါတယ်။
တောင်ခြေကျေးရွာအုပ်စုကို မန်ကျည်းစင်၊ မြသိန်းတန်၊ ပေါက်တော၊ မြောင်းရိုးကြီး၊ ကြံပုံ့ငယ်၊ ကြံပုံ့ကြီး ဆိုတဲ့ ကျေးရွာပေါင်း ၆ ရွာနဲ့ ဖွဲ့စည်းထားပြီး နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း တစ်ရွာကို စစ်မှုထမ်း ၅ ဦးနှုန်းနဲ့ အယောက် ၆၀ ခေါ်ယူခဲ့ပြီးဖြစ်တယ်လို့ ရွာခံတွေဆီက စုံစမ်းသိရပါတယ်။
MK014








