မဲခေါင်၊ မေ ၃၀
ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ ရဲနယ်ထိန်းတပ်ကြပ်ကို ဝိုင်းရိုက်ပြီး သေနတ်လုပြေးသွားသူတွေကို အသေပစ်ဖမ်းခွင့် ပေးထားတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက် နေ့ ညနေပိုင်း ၆ နာရီခန့်က မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်၊ ထုံးဘိုနေရာမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို သွားပြီး ခြိမ်းခြောက်ဖမ်းဆီးတဲ့ ရဲနယ်ထိန်းတပ်ကြပ် ဇင်မင်းမောင်ကို လူတစ်စုက ဝိုင်းရိုက်ပြီး နယ်ထိန်းကိုင်တဲ့ ပစ္စတိုသေနတ်ကို လုပြေးသွားတာဖြစ်ပြီး အဲဒီလူတွေတွေကို အသေပစ်ခတ် ဖမ်းဆီးဖို့အထိ အမိန့်ပေးထားတာလို့ ဖြစ်စဉ်ကို သိသူ ၁ ဦးက ဆိုပါတယ်။
“ခုထိ မမိသေးဘူး၊ လိုက်နေတုန်းပဲ၊ သေနတ်ပါသွားတော့ အသေပစ်မိန့် ခရိုင်ရဲမှူးက ပေးတာလို့ သိရတယ်။ ဖြစ်တာက ဇင်မင်းမောင်က ဆေးချနေတဲ့ ၂ ယောက်ကို ဖမ််းမိတာ၊ မှောက်ရက်အိပ်ခိုင်းထားပြီး ခေါင်းကို ခြေနဲ့နင်း သေနတ်နဲ့ချိန်ထားတာကို ဘေးမှာ ပုန်းနေတဲ့ အုပ်စုက ဝိုင်းရိုက်တာ သေလုခမန်းပဲ” လို့ သူက မဲခေါင်ကို ပြောပါတယ်။
ဝိုင်းရိုက်ခံရတဲ့ ရဲနယ်ထိန်းဟာ ညာလက် ၃ ပိုင်းကျိုးဒဏ်ရာ၊ မျက်လုံးထိဒဏ်ရာ၊ သွား ၁ချောင်းသာ ကျန်တဲ့အထိ ဒဏ်ရာရရှိခဲ့ပြီး ခေါင်းကို အရိုက်ခံရတာကြောင့် စိတ်ပုံမှန်အခြေအနေမှာ မရှိဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။
“အမှုစစ်တွေက သူ့ကို ဓာတ်ပုံတွေပြပြီးတော့ မင်းကိုရိုက် သူတို့ပါလားမေးရင် ပြတဲ့သူအကုန် ပါတယ်ပဲဖြေတယ်။ ဒဏ်ရာရနေတဲ့သူ့ပုံကို ပြန်ပြတာလည်း ပါတယ်ပဲဖြေတယ်။ ခေါင်းထိသွားတော့ ပုံမှန်မဟုတ်ဘူး” လို့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။
ဝိုင်းရိုက်သူတွေကို အခင်းဖြစ်ပြီး ၁ ပတ်အကြာ မေလ ၃၀ ရက်အထိ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
မိုင်းတုံမြို့ဟာ ထိုင်းနယ်စပ်နဲ့ ၄၆ မိုင်ကျော် နယ်စပ်ထိစပ်နေတဲ့မြို့ဖြစ်တာကြောင့် တောလမ်းတွေကတဆင့် ထိုင်းနိုင်ငံဘက်ထဲ ထွက်ပြေသွားတာမျိုးလည်းရှိနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
MK – 012








