ထိုင်း လျှပ်စစ်အား Electric Vehicle (EV) တွေရဲ့ ထိုင်းစျေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေမှုဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းနဲ့ ဝယ်လိုအားကျဆင်းမှုကြောင့် အခက်အခဲများစွာနဲ့ ရုန်းကန်နေရပါတယ်။ ထိုင်းက ကားဝယ် လက်တွေကို စည်ရုံးပြီးစျေးကွက်ဖော်ဆောင်ဖို့ တရုတ် လျှပ်စစ်ကားကုမ္ပဏီပေါင်းများစွာဟာ ဘန်ကောက်မှာ ပြီးခဲ့တဲ့ နွေဦးပေါက်ကတည်းက အရောင်းပြခန်းများစွာကို လာရောက်ဖွင့်လှစ်ထားကြတယ်။
Changan Automobile၊ BYD, Great Wall Motor Company Ltd.၊ Dong Feng Motor Corporation၊ Shanghai Automotive Industry Corporation၊ Nio၊ Xpeng၊ Leap Motor၊ Hozon၊ Geely၊ JAC နဲ့ တခြား ကုမ္ပဏီပေါင်း များစွာ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာတာဖြစ်တယ်။ မြင့်မားတဲ့ စျေးနှုန်းဗျူဟာအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့တာဖြစ် လို့ ထိုင်းသုံးစွဲသူစျေးကွက်ကတော့ စိတ်ဝင်စားမှု လုံး၀မပြသခဲ့ပါဘူး။ ဒါကြောင့် အရောင်းမြှင့်တင်ချင်တဲ့ ရည်မှန်းချက်ကြီးစွာထားခဲ့တဲ့ တရုတ် EV ကားတွေစျေးကွက်က တုတ်တုတ်မလှုပ်တဲ့အနေအထားမှာပဲ ရှိနေပါတော့တယ်။
BYD ကုမ္ပဏီက လျှပ်စစ်ကားအရောင်းပြပွဲမှာ Atto 3 Sports အမျိုးအစားကားကို ပြသလိုက်ပေမယ့် ဝယ်လက် မရှိခဲ့ပါဘူး။ ရှေ့က မော်ဒယ်ထက် ၁၈ ရာခိုင်နှုန်းအထိ စျေးချပြီး ဘတ် ၉၀၀၀၀၀ နဲ့ ရောင်းချပေးတာတောင် ထိုင်းမှာ ဝယ်ဖို့ စိတ်မဝင်စားကြဘူး။ တခြားလျှပ်စစ်ဆလွန်းနဲ့ တံခါးတစ်ပေါက်ကားမော်ဒယ်အမျိုးမျိုးကိုပါ စျေး လျှော့ပေးလည်း ကားအရောင်းပြပွဲမှာကို လာကြည့်သူ နည်းနည်းလေးသာ ရှိခဲ့တယ်။
ပြပွဲမှာ မှာယူသူလည်း တစ်ယောက်မှ မရှိခဲ့ဘူး။ အကြောင်းတရားနှစ်ခုကြောင့် တရုတ် EV ကားတွေ မျက်ကွယ်ပြုခံရတာပါ။ ပထမတစ် ခုက ထိုင်းမှာကို EV ကားစျေးကွက်ကိုယ်တိုင် အကျပ်ရိုက်နေတာရယ်၊ စျေးကွက်အတွေ့အကြံ မရှိသေးတာရယ်၊ ဒုတိယတစ်ချက်က ထိုင်း EV ကားစျေးကွက်မှာ ထိုင်း တွေဟာ ဂျပန် EV ကားတွေကိုပဲ အဓိက လူကြိုက်များပြီး တရုတ် EV ကားတွေအပေါ် မှီခိုမှု၊ ကြိုက်နှစ်သက်မှု မရှိတာကြောင့်ပဲဖြစ်ပါတယ်။
မနှစ်က Changan Automobile ကုမ္ပဏီဟာ ထိုင်း EV စျေးကွက်ထဲကို ရုတ်တရက် နယ်ချဲ့တိုးဝင်လာခဲ့ပါ သေးတယ်။ သူတို့ထုတ်တဲ့ Micro-EV ကားဖြစ်တဲ့ Lumin ကားမော်ဒယ်ကို စျေးကွက်ထဲ မိတ်ဆက်လာတယ်။ တစ်ခါမောင်း ၃၀၀ ကီလိုမီတာအထိ မောင်းနိုင်တဲ့ ဒီ လျှပ်စစ်ကားကိုဘတ် ၄၈၀၀၀၀ နဲ့ မိတ်ဆက်ရောင်းချတယ်။ ထိုနည်းတူစွာ Hozon New Energy Automobile ကုမ္ပဏီက သူတို့ထုတ်တဲ့ နောက်ဆုံးပေါ် EV ကားကို ဘတ် ၅၅၀၀၀၀ နဲ့ ရောင်းတယ်။ BYD က ထုတ်တဲ့ Dolphin ကားထက် ၃၀ ရာခိုင်နှုန်း စျေးလျှော့ပြီးကို ရောင်းတာပါ။ ဒါက တရုတ်ကားကုမ္ပဏီအချင်းချင်း ပြည်တွင်းမှာရော ထိုင်းစျေးကွက်မှာပါ အပြိုင်အဆိုင် ဖြစ်လွန်းနေခြင်းကို သက်သေပြပါတယ်။
ထိုင်းမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာကို တရုတ် EV ကားကုမ္ပဏီပေါင်း ဒါဇင်နဲ့ချီပြီးစျေးကွက်ကို စတင်ဝင်ရောက်လာခဲ့တဲ့ အကျိုးဆက်ပါပဲ။ တရုတ်ပြည်တွင်းစျေးကွက်မှာကို သုံးစွဲသူ အသုံးစားရိတ်တွေကျဆင်းခြင်း၊ ရောင်းချမှုမှာ အပြိုင်အဆိုင်များလွန်းခြင်းတွေကြောင့် ထိုင်းစျေးကွက်ကို ဝင်တိုးရာမှာလည်း စျေးကို မြင့်မြင့်ထားရောင်းလို့ EV ကားသုံးစွဲမှု ပေါ်ပျူလာဖြစ်တဲ့ ထိုင်းမှာတောင် အလုပ်မဖြစ်ခဲ့ပါဘူး။ မနှစ်က ထိုင်းမှာ ကားအရောင်းစျေးကွက် နည်းနည်းမြင့်တက်ခဲပေမယ့် တရုတ် EV ကား စျေးကွက်ကတော့ အရောင်းထိုင်းမြဲထိုင်းခဲ့ပါတယ်။
Auto Life ထိုင်းရဲ့ ကားစျေးကွက် အစီရင်ခံစာမှာ ၂၀၂၄ ဖေဖော်ဝါရီလထဲ ထိုင်းမှာ EV ကားတွေ သိသိသာသာ အရောင်းကျဆင်းသွားတာတွေ့ရတယ်။ အစီးရေ ၃၆၃၅ စီးပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောင်းခဲ့ရတယ်။ ဖေဖော်ဝါရီလအတွင်း EV ကား အရောင်းစျေးကွက်ကျဆင်းခြင်းက ၃၄ ရာခိုင်နှုန်း၊ ဇန်နဝါရီလကစတွက်ရင် ၇၃ ရာခိုင်နှုန်းအထိကို ရောင်းအားကျဆင်းသွားခဲ့တယ်။ အကြွေးဝယ်မှုကို ထိုင်းအစိုးရက လျှော့ချလိုက်မှုမှာ အများဆုံး ချေးငွေ ၃ ပုံ ၁ ပုံဖြစ်တဲ့ ဘတ် ၁၀၀၀၀၀ အထိ လျှော့ချလိုက်လို့လည်း အရောင်း ထိုင်းလွန်းသွားတာ ဖြစ်တယ်။ မတ်လထဲမှာတော့ ၅၀၀၁ စီး ပြန်ရောင်းထွက်တယ်ဆိုပေမယ့် ဒီရောင်းအားတက်မှုဟာ စျေးကွက် အနာဂတ်ဖွံ့ဖြိုးမှုလက္ခဏာမဟုတ်ဘူးလို့ အားလုံးက သံသယရှိနေခဲ့ကြတုန်းဖြစ်ပါတယ်။
ထိုင်းမှာ သာမန်ကားတွေနေရာ EV ကားတွေ အစားထိုးမွေးစားအသုံးပြုဖို့ ရည်ရွယ်ချက်ကလည်း အများအားဖြင့် အသေးစားနဲ့ အလတ်စား EV ကား စျေးကွက်သာ နည်းနည်းလေးရှိနေခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့ ကားစျေးကွက်ကြီး တစ်ခုလုံးထဲ EV ကားစျေးကွက်က အများဆုံး ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ ကိုယ်စားပြုနိုင်တယ်။ ရှေ့တစ်နှစ်က စစ်တမ်းအရဆို တစ်နှစ်အတွင်း ထိုင်းမှာ EV ကား ရောင်းအားက အစီး ၁၅၀၀၀၀ ပဲရှိတယ်။ ဒါကြောင့် တရုတ် ကုမ္ပဏီတွေရဲ့ ထိုင်းနိုင်ငံ EV စျေးကွက်အတွင်း ဝင်ရောက်မှုဟာ စိုးရိမ်ပူပန်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။
ထိုင်းမှာ ခွဲတမ်းရာခိုင်နှုန်းနဲ့ကြည့်ရင် စျေးကြီးတဲ့ ဇိမ်ခံ EV ကားစျေးကွက်က အင်မတန်မှာ နည်းပါးလွန်းတယ်။ ဒီကြားထဲ ဂျပန်ရဲ့ Toyota Motor ကုမ္ပဏီထုတ် စပ်ကြားမော်ဒယ် (hybrid models) ကားစျေးကွက်က ထိုင်းမှာ ပေါက်ရောက်အောင်မြင်နေတယ်။ ဂျပန်ကုမ္ပဏီနဲ့ယှဉ်ရင် တရုတ်ကုမ္ပဏီတွေရဲ့ ဂုဏ်သတင်းနဲ့ ယုံကြည်စိတ်ချ ရမှုအပိုင်းက အများကြီးနိမ့်ကျလို့လည်း ထိုင်း EV ကားဝယ်လက်အားလုံးနီးပါးဟာ ဂျပန်ကားတွေကိုပဲ အဓိက အားထားဝယ်ယူကြပါတယ်။
Toyota ရဲ့ ပါတနာ Arthur D. Little မှာ ဦးဆောင် အလုပ်လုပ်နေတဲ့ မစ္စတာ ဟီရိုတာကာယူချီးဒါးက ညစ်ပတ်ပြီး များပြားတဲ့ စျေးနှုန်းတွေနဲ့ ထိုင်းမှာ EV စျေးကွက်ကို လာလုနေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ အလားအလာဟာ သူတို့နိုင်ငံ သူတို့ပြန်သွားဖို့နည်းလမ်းပဲ ကျန်လိမ့်မယ်လို့ ပိုင်ပိုင်နိုင်နိုင်ပြောသွားတယ်။ ထိုင်းလူမျိုးတွေရဲ့ စျေးကွက်အထာသိမှုတွေကလည်း ဒီလိုဖြစ်လာ စေတယ်လို့ သုံးသပ်တယ်။ တရုတ် EV ကား ကုမ္ပဏီတွေ ထိုင်းစျေးကွက်မှာ မြင့်မားတဲ့ စျေးနဲ့လာဖောက်ခြင်းကို မျက်ကွယ်ပြုကြခြင်းဟာ နောင်တစ်ခါပြန်လာရင် အဆများစွာ စျေးလျှော့ရောင်းသွားရစေမယ်ဆိုတဲ့ အတွေး အခေါ်တွေ၊ အတွေ့အကြုံတွေက ရှိထားကြပြီးဖြစ်လို့ ထိုင်း EV စျေးကွက်ရဲ့ ပြောင်းလဲသွားတဲ့ သွင်ပြင်လက္ခဏာ ဟာ ဒီအတိုင်းဖြစ်တည်သွားတာလို့လည်း သုံးသပ်သွားတယ်။
ထိုင်း Great Wall Motor မန်နေးဂျင်းဒါရိုက်တာ နာရောင်းဆရီတလာဝန်က တရုတ်ကုမ္ပဏီတွေဟာ ထိုင်း EV စျေးကွက်မှာ စျေးပြိုင်စနစ်နဲ့ မိတ်ဆက်ရောင်းချမှု မလုပ်သရွေ့ ဘယ်တော့မှ အကျိုးအမြတ်ဖြစ်ထွန်း လာစရာအကြောင်းမရှိဘူးလို့ သုံးသပ်သွားတယ်။ Great Wall ထိုင်းကုမ္ပဏီဟာလည်း ဂျပန် ကားလုပ်ငန်းတွေ ထိန်းချုပ်မှုအောက်က မဟာဗျူဟာကျစွာနဲ့ ထိုင်း Hybrid ကားစျေးကွက်မှာ လှုပ်ရှားနေတဲ့ ကုမ္ပဏီပါ။ မေလ ဆန်းပိုင်းကပဲ ထိုင်းနိုင်ငံမှာ ပထမဆုံးသော Hybrid Pickup Truck ကားကို စတင်မိတ်ဆက်ခဲ့တယ်။ ဒီစျေးကွက် က ထိုင်း EV စျေးကွက်မှာ သေချာပေါက် တာသွားနိုင်တဲ့ စျေးကွက်လည်းဖြစ်ပါတယ်။
ဒီတော့ ထိုင်းကားစျေးကွက်မှာ အသစ်ထုတ်လုပ်မယ့် ကားတွေ ၄၀ ရာခိုင်နှုန်းအထိ အစားဝင်နိုင်ဖို့ ရည်မှန်း ထုတ်လုပ်နေမှုက တရုတ် စျေးကွက် တိုးဖောက်လာခြင်းကို စာရင်းထဲ မထည့်သလောက်အထိ အသာစီးရနေစေ တယ်။ ထိုင်း ကားထုတ်လုပ်မှုလုပ်ငန်းတွေဟာ နှစ်ပေါင်းများစွာကတည်းက တရုတ်ထက် နည်းပညာမြင့်မားတဲ့ ဂျပန် ကုမ္ပဏီတွေနဲ့ လက်တွဲမှုကိုပဲ အားထားခြင်းဟာ တရုတ် EV ကုမ္ပဏီတွေရဲ့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေ စေပါတယ်။ ဒါပေမဲ့ စျေးကွက်အသာရမှုဆိုတာ အမြဲတမ်းမတည်မြဲနိုင်တဲ့အရာဖြစ်လို့ တရုတ် EV ကုမ္ပဏီတွေ ပေါင်းစည်းပြီး ထိုင်းစျေးကွက်မှာ နည်းပညာအဆင့်ပိုမြှင့်တင်၊ စျေးနှုန်းကို သုံးစွဲသူတွေ ပိုတတ်နိုင်အောင် စျေးချ ပေးတဲ့ ဗျူဟာနဲ့ ထပ်မံ ဝင်ရောက်လာရင်တော့ ဒိုင်းနမစ်က ပြောင်းလဲကောင်းပြောင်းလဲလာနိုင်ပါတယ်။ လက်ရှိ တရုတ် EV ကား စျေးကွက်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာမှာကို မအောင်မြင်သလို ထိုင်းမှာလည်း ဂျပန်ကို ကျော်မရတဲ့အတွက် စျေးကွက်ထဲသာ ဝင်လာရတယ် ဒုက္ခပေါင်းများစွာကို ဆက်လက် ရင်ဆိုင်ရဖို့ ကတော့ အသေအချာပါပဲ။








