မဲခေါင် မေ ၂၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ခမရ – ၃၂၁ ကို မေလ ၂၁ ရက်နေ့ည ၈ နာရီ ၁၅ မိနစ်ခန့်က KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“၃၂၁ တပ်ကို မနေ့ည ၈ နာရီ ၁၅ မိနစ်လောက်က သိမ်းနိုင်ပြီ။” လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီ ရွှေညောင်ပင် ၃၂၁ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက မေလ ၇ ရက်နေ့က ပထမအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး မေလ ၁၈ ရက်နေ့ကစ နောက်တကျော့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မေလ ၂၁ ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ရွှေညောင်ပင် ၃၂၁ စခန်း သိမ်းလိုက်လို့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကနေ ရွှေညောင်ပင်ဘက် လက်နက်ကြီးးတွေ အတွဲလိုက် ပစ်ထည့်တာ။ လေယာဉ်တွေရော ဗုံးကြဲတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေရော၊ လေယာဉ်၊ ဗုံးတွေရော တရစပ်ပစ်ခတ်ဗုံးကြဲနေတော့ KIA နဲ့ ပူးပေါင်းအဖွဲ့ဘက်က တပ်ပြန်ဆုတ်သွားသလား ဆိုတာတော့မသိဘူး လို့ ဆိုပါတယ်။
ယမန်နေ့ နေ့လယ်ပိုင်းမှာလည်း KIAနဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေက ဝိုင်းမော် ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦး အပါအဝင် ၄ ဦးခန့် ထိခိုက် ဒဏ်ရာရတယ်လို့ သိရကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဌာနဆိုင်ရာရုံးတွေထဲက ပစ္စည်းတွေလည်း သယ်ထုတ်ရွှေ့ပြောင်းနေတာ မြင်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ရွှေညောင်ပင် ခမရ – ၃၂၁ ကို သိမ်းလိုက်ရင်တော့ ဝိုင်းမော်ဘက်ခြမ်းမှာ စစ်ကောင်စီရဲ့ ခလရ – ၅၈ စခန်းသာ ကျန်တော့ကြောင်း KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ခုလ မေလ ၁၈ ရက်နေ့ကစ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၁၀ နေရာကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်ထဲ ထိုးစစ်ဆင်ခဲ့ရာ ၄ ရက်အတွင်း စစ်ကောင်စီစခန်း ၁၀ နေရာကေိာ်ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
CJ-008











