မဲခေါင် မေ ၂၁
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၅ ရက်နေ့ကနေ မေလ ၁၆ ရက်နေ့အထိ တစ်လတာအတွင်း ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူတွေဟာ သရက်ကုန်း၊ သပြေကုန်း၊ ဆမ္မဆယ်၊ သုံးဆယ်၊ ကံကော်၊ ဇာလီ၊ ပါဟပ်၊ ပါခံ၊ နားပျန်၊ ဘန်းဘွေကျင်း စတဲ့ကျေးရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေထဲမှာ သံဃာတော် ၂ ပါးနဲ့ အသက် ၁၆ နှစ်အရွယ် တစ်ဦးပါဝင်ပြီး စစ်ကောင်စီတပ်ဟာ သရက်ကုန်း၊ အုမ္မသီး၊ ပန်ပွဲ၊ တောင်တစ်လုံး စတဲ့ကျေးရွာတွေမှာ တပ်စွဲထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဇာလီကျေးရွာမှာလည်း စစ်ကောင်စီရဲ့ မြေမြုပ်မှိုင်းကြောင့် ကြံ့ခင်းသွားကြည့် အမျိုးသား ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ပြင်ဦးလွင် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ စစ်ဘေးရှောင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုတင်မကဘဲ ရေပုံး၊ ညောင်ကုန်း၊ သုံးဆယ် စတဲ့ကျေးရွာတွေမှာ လူနေအိမ် ၇၃ လုံးနဲ့ သရက်ကုန်းကျေးရွာက ရှေးဟောင်းဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ပြာကျပျက်စီးခဲ့ပါသေးတယ်။
လတ်တလောမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှ ကြုံနေရပြီး ဒေသခံ အယောက် ၃၀၀၀ ကျော်ဟာ ဘန်ဘွေ့၊ အင်ဝိုင်၊ ညောင်ကုန်း စတဲ့ကျေးရွာတွေနဲ့ နီးစပ်ရာ တောတောင်နေရာတွေမှာ စစ်ဘေးရှောင်နေရတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-015








