မဲခေါင်၊ မေ ၁၆
ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း ထိုင်းနိုင်ငံအတွင်း ပြည်ပနိုင်ငံသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု နှုန်းကို ထုတ်ပြန်ခဲ့ရာမှာ အရင် ဒုတိယဝယ်ယူမှုအများဆုံး ရုရှားကို ကျော်တက်ပြီး မြန်မာနိုင်ငံက ဝယ်ယူသူ ဒုတိယအများဆုံးနိုင်ငံဖြစ်လာကြောင်း သိရှိရပါတယ်။
ထိုင်းအိမ်ခြံမြေလုပ်ငန်းရောင်းချရမှုနှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တွက်ရင် ၁၃ . ၈ ရာခိုင်နှုန်းကျဆင်း သွားပြီး အိမ်နဲ့ကွန်ဒိုခန်းတွေ ဝယ်ယူမှုအတွက် ချေးငွေထုတ်ယူမှုကလည်း ၂၀ . ၅ ရာခိုင်နှုန်းကျဆင်ကာ နောက်ဆုံး ၃ လပတ် ၂၅ ပတ်အတွင်း အနိမ့်ကျဆုံး ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အိမ်ခြံမြေ၊ ဆောက်လုပ်ရေးပါမစ်တွေ နိုင်ငံတော်က ချမှတ်ပေးမှုနည်းပါးတာကြောင့်လည်း ဒီလို ကျဆင်းရတာ ဖြစ်ပြီး ထိုင်းအစိုးရက လက်ရှိ အိမ်ခြံမြေလုပ်ငန်းမြှင့်တင်နိုင်အောင် စီမံကိန်းတွေ စတင်ချမှတ်နေလို့ ဒုတိယ နှစ်ဝက်မှာတော့ စျေးကွက် ပြန်ကောင်းလာမယ်လို့ ဝီချိုင်းက ဆိုပါတယ်။
နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းဝယ်ယူမှုတန်ကြေးက ပထမ ၃ လပတ်အတွင်း ဘတ် ၁၈ ဘီလီယံဖိုးရှိခဲ့ပြီး တရုတ်နိုင်ငံသားတွေဝယ်ယူမှုက နိုင်ငံခြားသားအားလုံး ဝယ်ယူမှုရဲ့ ၄၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
တရုတ်တွေဟာ ကွန်ဒိုတိုက်ခန်း ၁၅၉၆ ခန်း၊ ငွေအားဖြင့် ဘတ် ၇၅၇၀ သန်း၊ မြန်မာနိုင်ငံသား တွေက နိုင်ငံခြားသားဝယ်ယူမှုရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ၃၉၂ ခန်း၊ ငွေအားဖြင့် ဘတ် ၂၂၀၇ သန်း၊ ရုရှားတွေ ဝယ်ယူမှုက ၇ ရာခိုင်နှုန်း အခန်းပေါင်း ၂၉၅ ခန်း ငွေအားဖြင့် ဘတ် ၉၂၄ သန်း ရှိတယ်လို့ ထုတ်ပြန်သွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရစတစ်ပြဌာန်းခြင်းကြောင့် ပြည်ပထွက်ခွာသူတွေ အထူးများပြားနေပြီး ထိုင်းမှာ ကွန်ဒိုဝယ်ယူနိုင်တဲ့ မြန်မာအများစုဟာလည်း ခရိုနီနဲ့ စစ်ကောင်စီအကြီးအကဲ မိသားစုဝင်တွေသာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Ref: Matichon
MKF-001








