မဲခေါင် မေ ၁၅
တာချီလိတ်မြို့ပေါ် အလုပ်ခေါ်သည်လို့ facebook group ကြော်ငြာပြီး ငွေအရင်သွင်းခိုင်းကာ လိမ်လည်ခံရတာတွေ များနေပါတယ်။
ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် နယ်စပ်မြို့ကို အလုပ်လုပ်ဖို့ရောက်လာတဲ့ လူငယ်တွေအပေါ် ဟိုတယ်၊ သန့်ရှင်းရေး၊ အရောင်းဝန်ထမ်းအဖြစ် အလုပ်ပေးမယ်လို့ လိမ်လည်ပြီး ကြိုတင်ငွေတောင်းခံကာ လိမ်လည်မှုတွေ များနေတဲ့အတွက် သတိထားဖို့လိုတယ်လို့ အလိမ်ခံရသူတွေက ပြောပါတယ်။
ငွေလိမ်ခံရသူတစ်ဦးက “အလုပ်အတွက် ကြိုတင်ဖေါင်ဖိုးပိုက်ဆံတောင်းတယ် ငွေလွှဲခိုင်းတာ၊ ဖုန်းနံပါတ်ပါတင်ထားကြတာ၊ အဝေးကဆိုရင် ကားခတွေဘာတွေ စိုက်ပေးမယ်ဆိုပြီးတော့ကို ပြောတာ၊ ငွေလွှဲပြီးရင်လည်း ဘာအလုပ်မှရတာမဟုတ်ဘူး လိမ်ခံလိုက်ရတာဘဲ” လို့ ပြောပါတယ်။
လိမ်လည်သည့်ငွေမှာ ကျပ်(၅)ထောင်မှ ကျပ်(၁)သောင်းကြား Kpay နဲ့ လွှဲခိုင်းခြင်းဖြစ်ပြီး အလုပ်ကြော်ငြာများမှာ မည်သည့်နေရာ မည်သည့်ဟိုတယ် ကုမ္ပဏီမှာ အလုပ်ရမယ်လို့ ကြော်ငြာတာမဟုတ်ဘဲ အလုပ်လိုအပ်နေတဲ့သူတွေအပေါ် လိမ်လည်ခြင်းသာ ဖြစ်ပါတယ်။
တကယ်အလုပ်ခေါ်သည့် ကုမ္ပဏီ၊ ဟိုတယ်များမှာ သူတို့ကိုယ်ပိုင် Page တွင်သာ ကြော်ြငာကြခြင်းဖြစ်ပြီး အလုပ်လိုအပ်နေသူတွေအတွက် လွယ်လွယ်ကူကူ မယုံကြည် အလိမ်မခံရဖို့ သေချာစုံစမ်းဖို့ လိုအပ်နေပါတယ်။
ပြည်တွင်း စစ်ပွဲတွေနဲ့ ဒေသတွင်း လက်နက်ကိုင်တွေက စစ်မှုထမ်းခေါ်ဆောင်နေတာကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသလို တာချီလိတ်၊ ပန်ဆန်း၊ မိုင်းလားအပြင် လာအို ကာစီနိုမြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေလည်း အရင်ကထက်ပိုများလာပါတယ်။
MK-002








